မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများကို တရုတ်က ကိုဗစ်ကာကွယ်ဆေး မထိုးပေး 

မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများကို တရုတ်က ကိုဗစ်ကာကွယ်ဆေး မထိုးပေး 

ဇန်နဝါရီလ ၂၈ ရက်

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ငြင်းဆိုကာ ခွဲခြား ဆက်ဆံမှုများရှိနေ၍  ၎င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်း VOA သတင်းဌာနက ဖော်ပြသည်။  

တရုတ်နိုင်ငံသည် ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းပြီးသည့်တိုင် မြောက်ကိုရီးယားမှ ဒုက္ခသည်များအား ဆေးကုသမှုပေးရန် ငြင်းဆိုထားသည်။ တောင်ကိုရီးယားသို့ ထွက်ပြေးရန် ကြိုးစားကြသော မြောက်ကိုရီးယားမှ ပြည်ပြေးများသည် တရုတ်ရဲများ၏ ဖမ်းမဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

အထောက်အထားတစ်စုံတစ်ရာမရှိခြင်းကြောင့် ဒုက္ခသည်များသည် ပြင်းထန်သော ကိုဗစ် ရောဂါလက္ခဏာများနှင့် ရင်ဆိုင်နေရသော်လည်း ဆေးကုသနိုင်သည့် အခွင့်အရေး မရရှိကြပေ။ မြောက်ကိုရီးယားမှ ထွက်ပြေးလာကာ တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် ဒုက္ခသည်များသည် ဗိုင်းရပ်စ် ကူးစက်ခံရသော်လည်း သက်သေခံကတ်ပြားမရှိသည့်အတွက် ကာကွယ်ဆေးထိုးခွင့် မရသလို ဆေးကုသမှုလည်း မခံယူနိုင်ကြောင်း ဆိုးလ်မြို့အခြေစိုက် အွန်လိုင်းနေ့စဉ်သတင်းစာ The Daily NK က သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့သည်။  

တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားမှ ပြည်ပြေးများသည် ကိုဗစ်ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကာကွယ်ဆေး တစ်ကြိမ်မျှပင် မထိုးရသေးဘဲ အကာအကွယ်မဲ့ ပစ်ထားခံနေရကြောင်း NK သတင်းက ဖော်ပြခဲ့သည်။ 

ထွက်ပြေးလာသူတစ်ဦးက ၎င်းတို့သည် ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရလျှင်ပင် ဆေးစစ်မှုမခံယူနိုင်သောကြောင့် အအေးမိပျောက်ဆေးများကိုသာ သောက်ခဲ့ကြောင်း Daily NK သို့ ပြောကြားခဲ့သည်။ 

"ကာကွယ်ဆေးထိုးထားတဲ့လက်မှတ်မရှိရင် ဘယ်ကိုမှ မသွားနိုင်ဘူး။ သက်သေခံကတ်တွေမရှိလို့ ကာကွယ်ဆေးထိုးဖို့တောင် မစဉ်းစားနိုင်ဘူး" ဟု ထွက်ပြေးလာသူတစ်ဦးကပြောသည်။ 

တရုတ်အစိုးရ၏ တရားဝင် အသိအမှတ်ပြုမှု မခံရမှုနှင့် ထိုကဲ့သို့ အသက်ရှင်ခြင်းထက် သေရခြင်းက ပိုကောင်းသည်ဟု တရုတ်ရှိ မြောက်ကိုရီးယားပြည်ပြေးများက ဝမ်းနည်းစရာများပြောကာ စိတ်အားငယ်နေကြကြောင်း NK သတင်းရင်းမြစ်က ဆိုသည်။  

မြောက်ကိုရီးယား၏ ရင်နှီးသောမဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများကို ပြည်ပြေးများအဖြစ် မယူဆသော်လည်း ၎င်းတို့အား စီးပွားရေးအရ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ရှုမြင်သည်။ မြောက်ကိုရီးယားနှင့် တရုတ်နယ်နိမိတ်သဘောတူညီချက်အရ တရုတ်နိုင်ငံသည် ထွက်ပြေးလာသူများကို မြောက်ကိုရီးယားသို့ အတင်းအကျပ် ပြည်နှင်ဒဏ်ပေးလေ့ရှိသည်။ ထွက်ပြေးခဲ့သူများသည် မြောက်ကိုရီးယားသို့ ပြန်ရောက်ပါက နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလုပ်ကြမ်းခိုင်းစေမှု၊ နိုင်ငံရေး သို့မဟုတ် ပြန်လည်ပညာပေးစခန်းများတွင် အကျဉ်းချခံရမှု သို့မဟုတ် မြောက်ကိုရီးယားအစိုးရ၏ ကွပ်မျက်ခြင်းများကို ကြုံတွေ့ရနိုင်သည်။ 

မြောက်ကိုရီးယားနိုင်ငံသား အများစုသည် မြောက်ပိုင်းနယ်စပ်မှ ထွက်ပြေးကာ တရုတ်နိုင်ငံသို့ ဝင်ရောက်လာပြီးနောက် နေရာတိုင်းတွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်သည့် အစိုးရလက်မှ ဝေးရာ ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုပုံစံသစ်ကို ရှာဖွေရန် တောင်ကိုရီးယားသို့ ရွှေ့ပြောင်းကြသည်။ သို့သော် ထွက်ပြေးလာသူများသည် တရုတ်အစိုးရထံမှ အကာအကွယ် မရကြပေ။ ယင်းအစား ထွက်ပြေးလာသူများသည် ၎င်းတို့ကို မြောက်ကိုရီးယားသို့ အတင်းအကျပ်ပြန်ပို့မည့် တရုတ်ရဲများလက်မှ ပုန်းရှောင်နေရသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly