အကျဉ်းကျနေသော တက်ကြွလှုပ်ရှားသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် တရုတ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း  

By Taipei Times 
28 January 2023
အကျဉ်းကျနေသော တက်ကြွလှုပ်ရှားသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် တရုတ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း  

ဇန်နဝါရီလ ၂၈ ရက်

လူ့အခွင့်အရေးလှုပ်ရှားသူများက ထောင်ကျနေသည့် ရှေ့နေ ရှုကျီဟုန်၊ သတင်းထောက် ဆိုဖီယာဟွမ်နှင့် တခြားတရုတ်တက်ကြွလှုပ်ရှားသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် တရုတ်အစိုးရအား တောင်းဆို လိုက်သည်။  

တရုတ်ကွန်မြူနစ်ပါတီ (CCP) အနေဖြင့်  ဥပဒေများကို လိုက်နာပြီး နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားများကို  မိသားစုနှင့်တွေ့ခွင့်မပေးခြင်းနှင့် ရှေ့နေငှားခွင့်မပေးခြင်းများ မပြုလုပ်ရန် တိုင်ပေမြို့ သတင်းစာရှင်းလင်းပွဲတွင် ထိုင်ဝမ်ဒီမိုကရေစီအရေး ထောက်ခံသူ လီမင်ချီက ပြောကြားခဲ့သည်။  

လီသည် ၂၀၁၇ ခုနှစ် မတ်လတွင် ဟောင်ကောင်မှ တစ်ဆင့် ရှန်ကျန်းမြို့သို့ ဝင်ရောက်ခဲ့ပြီးနောက် ယင်းအခွင့် အရေးများမရဘဲ တရုတ်တွင် ၅ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲကို ထိုင်ဝမ်နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှုအဖွဲ့၊ ထိုင်ဝမ်လူ့အခွင့်အရေးအဖွဲ့၊ တရုတ်လူ့အခွင့်အရေးရှေ့နေများကွန်ရက်ဆိုင်ရာ ထိုင်ဝမ်အကူအညီပေးရေးအဖွဲ့နှင့် တရားစီရင်ရေးဆိုင်ရာပြုပြင်ပြောင်းလဲရေး ဖောင်ဒေးရှင်းတို့မှ ဦးစီးကျင်းပခဲ့သည်။ 

အကျဉ်းကျခံနေရသော လူ့အခွင့်အရေး လှုပ်ရှားသူများကို ရှေ့နေများ ငှားရမ်းခွင့်ပြုရန်နှင့် နှစ်သစ်ကူးကာလတွင်  မိသားစုများထံ အိမ်ပြန်ခွင့်ပြုရန် ယင်းအဖွဲ့များက တရုတ်ကွန်မြူနစ်ပါတီ (CCP) ကို တောင်းဆိုထားသည်။ 

တရုတ်အလုပ်သမားနှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ လီချောင်ချူ၊ အရပ်ဘက်အခွင့်အရေးလှုပ်ရှားသူ တိန့်ကျားရှီနှင့် အလုပ်သမားအခွင့်အရေး ထောက်ခံသူ ဝမ်ကျန်းပင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင်ခြင်းမှာ အခြေအမြစ်မရှိကြောင်းနှင့် ၎င်းတို့သည်  CCP ကို ဖြုတ်ချရန် လူသိရှင်ကြား ထောက်ခံခြင်း မပြုလုပ်ခဲ့သလို ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်ခြင်းကြောင်းလည်း ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ကြောင်း လီက ပြောကြားခဲ့သည်။  

“ဒီလူတွေက ကိုယ်စားပြုတဲ့ လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို CCP က ကြောက်ပါတယ်” ဟု လီက ပြောကြားခဲ့သည်။ 

လီက တရုတ်တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်ရသည့် အခြေအနေကို ကူမင်တန်အုပ်ချုပ်ချိန်က ထိုင်ဝမ် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိနှိပ်မှုအခြေအနေများနှင့် နှိုင်းယှဉ် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly