တရုတ်၏ ဉာဏ်ရည်တု AI အစီအစဉ်ကို လွန်စွာစိုးရိမ်ကြောင်း အက်ဖ်ဘီအိုင်အကြီးအကဲ ပြောကြား 

တရုတ်၏ ဉာဏ်ရည်တု AI အစီအစဉ်ကို လွန်စွာစိုးရိမ်ကြောင်း အက်ဖ်ဘီအိုင်အကြီးအကဲ ပြောကြား 

ဇန်နဝါရီလ ၂၈ ရက်

အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ခရစ်တိုဖာရေးက တရုတ်အစိုးရ၏ ဉာဏ်ရည်တု (AI) အစီအစဉ်အပေါ် လွန်စွာ စိုးရိမ်ကြောင်းနှင့် ယင်းအစီအစဉ်အား တရားဥပဒေစိုးမိုးရေးမူအားဖြင့် ကန့်သတ်ထိန်းချုပ်ထားခြင်းလည်း မရှိကြောင်း  ဇန်နဝါရီလ ၁၉ ရက်တွင် ပြောကြားလိုက်သည်။  

တရုတ်၏ AI ရည်မှန်းချက်များသည် နှစ်ပေါင်းများစွာ ခိုးယူခဲ့သော ဉာဏပစ္စည်းပိုင်ဆိုင်မှုများနှင့် အရေးကြီးသော အချက်အလက်များစွာအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်သည့် ကမ္ဘာစီးပွားရေးဖိုရမ်၏ ဆွေးနွေးပွဲတစ်ခုတွင် ခရစ္စတိုဖာရေးက ပြောကြားခဲ့သည်။ 

တရုတ်က ဟက်ကာစစ်ဆင်ရေး၊ ဉာဏပစ္စည်းခိုးယူမှုနှင့် ပြည်တွင်းပြည်ပရှိ အတိုက်အခံများအား ဖိနှိပ်မှုများကို အတားအဆီးမဲ့ ပိုမိုပြုလုပ်ရန် ဉာဏ်ရည်တုဆိုင်ရာအားသာချက်များကို အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။ 

ယင်းသည် အလွန်စိုးရိမ်ဖွယ်ရာကောင်းသောကိစ္စဖြစ်ပြီး ယင်းကိစ္စကို အားလုံး အလေးအနက်ထားသင့်ကြောင်း ခရစ္စတိုရေးက ပြောသည်။  

ထိုကဲ့သို့သော စိုးရိမ်စရာများကို အမေရိကန်အရာရှိများက ထုတ်ဖော်ပြောဆိုခဲ့သည်မှာ ကြာပြီဖြစ်သည်။ အဓိကနယ်ပယ်များတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကျွမ်းကျင်မှုများကို လက်ခံခြင်းက အန္တရာယ်များသည့်အကြောင်း  စီးပွားရေးလုပ်ငန်းအမှုဆောင်များ၊ ပညာရှင်များနှင့် ဒေသန္တရနှင့်ဗဟိုအစိုးရအရာရှိများအား ထပ်မံအသိပေးသည့် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်၏ AI ရည်မှန်းချက်များအကြောင်း အမေရိကန်တန်ပြန်ထောက်လှမ်းရေးအရာရှိများက ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်  သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်နည်းပညာကုမ္ပဏီ Google အမှုဆောင်အရာရှိချုပ်ဟောင်း အဲရစ်ရှမစ် ဦးဆောင်သော AI ကော်မရှင်က AI အသုံးပြုနိုင်သည့် လက်နက်များကို လေ့လာခြင်းအပါအဝင် တရုတ်ကိုတန်ပြန်နိုင်ရေးအတွက် AI စွမ်းရည်ကို မြှင့်တင်ရန် အမေရိကန်အား ၂၀၂၁ ခုနှစ် အစောပိုင်းက တိုက်တွန်းခဲ့သည်။ 

အထိတ်တလန့်ဖြစ်အောင် ပြောဆိုခြင်းနှင့် တရုတ်ကို အကဲဖြတ်မှုအတွက် အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကို တရုတ်က အကြိမ်ကြိမ် စွပ်စွဲပြစ်တင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly