တရုတ်၏ ထိုင်ဝမ်ဆိုင်ရာရည်ရွယ်ချက်များအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထပ်မံ သတိပေး 

By Taipei Times
28 January 2023
တရုတ်၏ ထိုင်ဝမ်ဆိုင်ရာရည်ရွယ်ချက်များအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထပ်မံ သတိပေး 

ဇန်နဝါရီလ ၂၈ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ်သို့ သွားရောက်မည့် ရှားရှားပါးပါး ခရီးစဉ်အတွက် ပြင်ဆင်နေချိန်တွင် တရုတ်နှင့် ဆက်ဆံရေး တင်းမာမှုများ ပြေလျော့သွားကြောင်း ဇန်နဝါရီလ ၂၀ရက်တွင် ပြောကြားခဲ့သော်လည်း ထိုင်ဝမ်နှင့် ပတ်သက်သော တရုတ်၏ ရည်ရွယ်ချက်ကို ထပ်မံ သတိပေးလိုက်သည်။ 

“ဒီဆက်ဆံရေးကို ချင့်ချင့်ချိန်ချိန် ကိုင်တွယ်ဖို့ ကျန်ကမ္ဘာ့နိုင်ငံတွေက ကျွန်တော်တို့ကို မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ စီမံကိုယ်တွယ်တဲ့နည်းလမ်းက သူတို့အပေါ် သက်ရောက်မှုရှိမယ်ဆိုတာကိုလည်း သူတို့ သိနေတယ်” ဟု ချီကာဂို တက္ကသိုလ်၏ ဆွေးနွေးပွဲတစ်ခုတွင် တရုတ်နှင့် ဆက်ဆံရေးအခြေအနေကို မေးမြန်းရာတွင် ဘလင်ကန်က ပြောကြားခဲ့သည်။ 

ဘလင်ကန်သည် ဖေဖော်ဝါရီ ၅ ရက်မှ ၆ ရက်အထိ တရုတ်သို့ သွားရောက်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တို ဘာလနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ကြောင်း အမေရိကန်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ 

ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကျယ်ပြန့်သော သဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ နိုဝင်ဘာလတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက် ယင်းခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

သို့သော် ထိုင်ဝမ်အား အထီးကျန်ဖြစ်စေရန် တရုတ်က ပိုမိုကြိုးပမ်းလာခြင်းနှင့် ဩဂုတ်လက ထိုင်ဝမ်အနီးတွင် ပြုလုပ်ခဲ့သော အဓိကစစ်ရေးလေ့ကျင့်မှုများကို ဘလင်ကန်က ထောက်ပြခဲ့သည်။ 

“တရုတ်ကို ပြောချင်တာက ဒါက အချုပ်အခြာအာဏာပိုင်ကိစ္စပါ။ ဒီကိစ္စကို အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်စားနေကြတယ် ဆိုတာ ပြောချင်ပါတယ်” ဟု ဘလင်ကန်က ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီးသော တစ်ပိုင်းလျှပ်ကူးပစ္စည်းများတွင် ထိုင်ဝမ်၏ လွှမ်းမိုးထားမှုကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ 

ရုရှားကျူးကျော်မှုအကြောင်း ဆွေးနွေးရန် အနောက်အလယ်ပိုင်း မြို့ကြီးများရှိ သမိုင်းဝင် ယူကရိန်းအသိုက်အဝန်းနှင့် တွေ့ဆုံခြင်း အပါအဝင် တခြားကိစ္စများအတွက် ဘလင်ကန်သည် ချီကာဂိုသို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly