ယူကရိန်းစစ်ပွဲတွင် ဘောင်မကျော်ရန် တရုတ်ကို အမေရိကန် သတိပေး 

By The Print
28 January 2023
ယူကရိန်းစစ်ပွဲတွင် ဘောင်မကျော်ရန် တရုတ်ကို အမေရိကန် သတိပေး 

ဇန်နဝါရီလ ၂၈ ရက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး   တရုတ်အနေဖြင့် ယူကရိန်းပဋိပက္ခတွင် ရုရှားအား ပစ္စည်းနှင့်လုံခြုံရေး အကူအညီများပေးခြင်းနှင့် ပတ်သက်၍  ဘောင်မကျော်ရန် အမေရိကန်က   သတိပေးထားသည်။ 

တရုတ်က ရုရှားအား လုံခြုံရေးအကူအညီ ပေးခြင်း ရှိ/မရှိ အမေရိကန်က ယခုချိန်ထိ အကဲဖြတ်နေဆဲလား ဆိုသော VOA ၏ မေးမြန်းချက်နှင့်ပတ်သက်၍ “ကျွန်တော့်မှာ ချပြစရာ ဆန်းစစ်အကဲဖြတ်ချက် အသစ် မရှိပါဘူး”ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။  

“ရုရှားက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်စေဖို့ တရုတ်က အကွက်ကျကျ ဆောင်ရွက်ပေးနေရင်တော့ ပြန်ပေးဆပ်ရလိမ့်မယ်” ဟု ပရိုက်စ်က ပြောကြားခဲ့သည်။ 

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း လုံခြုံရေးအကူအညီပေးရန် ရုရှား၏တောင်းဆိုချက်များကို တုံ့ပြန်သည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်မှန်သမျှကို အမေရိကန်က အနီးကပ် စောင့်ကြည့်နေချိန်တွင် နက်ပရိုက်စ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ကြောင်း VOA က ဖော်ပြခဲ့သည်။ ရုရှား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ ရောက်ရှိလာသည်ဆိုသော သတင်းများကို အမေရိကန်က  ရရှိထားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်မှ ၆ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် Politico သတင်းဝက်ဘ်ဆိုက်က ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြထားသည်။ ဘလင်ကန်၏ ခရီးစဉ်တွင် ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှု၊ တရုတ်၏ နျူကလီးယား လက်နက်များနှင့် တရုတ်နိုင်ငံတွင် ထိန်းသိမ်းထားသည့် အမေရိကန် နိုင်ငံသားများနှင့်ဆိုင်သည့် အရေးကိစ္စများကို ဆွေးနွေးမည်ဟု ဆိုသည်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ပေကျင်းတွင် တွေ့ဆုံသွားမည်ဟု ဘလင်ကန်၏ ခရီးစဉ်အကြောင်း အကျွမ်းတဝင်ရှိသည့် ဝါရှင်တန်အခြေစိုက် သံတမန်များကို ကိုးကားပြီး သတင်းစာများတွင် ဖော်ပြခဲ့သည်။ 

ဘလင်ကန်၏ တရုတ်ခရီးစဉ်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တွေ့ဆုံပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံနှင့် ပွင့်လင်းသော ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားရန် ဘိုင်ဒင်က ကတိပြုခဲ့သည်။ 

နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်တွင် သမ္မတနှစ်ဦးအကြား တွေ့ဆုံမှုသည် အမေရိကန်-တရုတ် ဆက်ဆံရေး တိုးတက်စေမည့် လမ်းကြောင်းမှန်ပေါ်တွင် ရှိ၊မရှိကိုလည်း အဆိုပါ ခရီးစဉ်က စမ်းသပ်မည် ဖြစ်သည်။ 

ဘလင်ကန်၏ လာမည့် တရုတ်ခရီးစဉ် အသေးစိတ်အချက်အလက်များကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရတို့က အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးကြောင်း Politico သတင်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly