တရုတ်၏ အမြတ်ကြီးစားပြီး ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများအပေါ် ဖိလစ်ပိုင် သတိထားနေ 

တရုတ်၏ အမြတ်ကြီးစားပြီး ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများအပေါ် ဖိလစ်ပိုင် သတိထားနေ 

ဇန်နဝါရီလ ၂၈ ရက်

တရုတ်သည် ဖိလစ်ပိုင်ရှိ မဟာဗျူဟာစီမံကိန်းများအပေါ် မျက်စိကျနေသော်လည်း ဖိလစ်ပိုင်နိုင်ငံက တရုတ်၏ အမြတ်ကြီးစားပြီး ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများအပေါ် သတိထားစောင့်ကြည့်နေကြောင်း Hong Kong Post တွင် ဖော်ပြထားသည်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သယံဇာတပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားမှုမရှိသော နေရာများ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးအတွက် ပူးတွဲဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သဘောတူညီမှုရရှိခဲ့သည်။ 

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ရေကြောင်းကိစ္စရပ်များဆိုင်ရာ ဆက်သွယ်ရေးယန္တရား ထူထောင်ရေးအစီအစဉ်ကို သဘောတူညီခဲ့ကြသည်။ 

နှစ်နိုင်ငံဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ဖိလစ်ပိုင်သည် အငြင်းပွားတောင်တရုတ်ပင်လယ်တွင် ငါးဖမ်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အတွက် တရုတ်အစိုးရထံမှ အဆိုပြုချက်ကို လက်ခံရရှိခဲ့ကြောင်း Hong Kong Post သတင်းတွင် ဖော်ပြထားသည်။ 

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်နှင့် တရုတ်ကမ်းခြေစောင့်တပ်တို့အကြား အများပြည်သူမသိနိုင်သော ပူးပေါင်းဆောင်ရွက်မှုအဆင့်များစွာ ရှိနေသေးကြောင်းနှင့် နှစ်နိုင်ငံစလုံးက အငြင်းပွားတောင်တရုတ်ပင်လယ်တွင် ပဋိပက္ခကိုရှောင်ရှားရေးအတွက် ယာယီအားဖြင့် ‘မီးမသေ ရေမနောက်’ အခြေအနေတစ်ခုရောက်ရှိရန် ကြိုးပမ်း နေကြကြောင်း နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ကလာရီတာ ကားလို့စ်က ပြောကြားခဲ့သည်။ 

အနောက်ဖိလစ်ပိုင်ပင်လယ်ထဲသို့ တရုတ်များဝင်ရောက်လာခြင်းက ရေလုပ်သားများ၏ စားဝတ်နေရေးအတွက် ခြိမ်းခြောက်မှုကို ခံစားရသဖြင့် အနောက်ဖိလစ်ပိုင်ပင်လယ်ကို ကာကွယ်ရေး လုံခြုံရေးအစီအမံများ ချမှတ်ရန် မိရိုးဖလာငါးဖမ်းသမားအဖွဲ့ဖြစ်သည့် Pamalakaya က နိုင်ငံတော်လုံခြုံရေးအကြံပေးသစ် အက်ဂွာဒိုအာနိုထံ တောင်းဆိုထားကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။ 

အနောက်ဖိလစ်ပိုင်ပင်လယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များစွာရှိသည်ဟု ယူဆရသည်။ နိုင်ငံတော်လုံခြုံရေးအကြံပေး၏ လုပ်ပိုင်ခွင့်များထဲတွင် နိုင်ငံတော်အကျိုးစီးပွား၊ ပြည်သူများနှင့် အဖွဲ့အစည်းများ၏ ကောင်းကျိုးချမ်းသာနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်မြှင့်တင်ရန်တို့ပါဝင်ကြောင်း မိရိုးဖလာငါးဖမ်းသမားအဖွဲ့က အာနိုအား သတိပေးခဲ့သည်။ 

ထို့ပြင် ဖိလစ်ပိုင်တရားရုံးချုပ်က သမ္မတဟောင်း ဂလိုရီယာ မာကာပါဂယ်အာရိုယိုလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့သည့် တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ ကုမ္ပဏီများအကြား ပူးတွဲရေကြောင်းငလျင်တိုင်းတာခြင်းဆိုင်ရာ ၃ နိုင်ငံသဘောတူစာချုပ်ကို ပယ်ဖျက်ကြောင်း ဇန်နဝါရီ ၁၀ ရက်က ကြေညာခဲ့သည်။ 

ထို့ပြင် ဖိလစ်ပိုင်အစိုးရက ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စည်းမျဉ်းများ ဖြေလျှော့ကာ နေရာင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စီမံကိန်းများတွင် ပြည်ပမှ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ပြုပြီးနောက် တရုတ်စွမ်းအင်ကုမ္ပဏီ ၉ ခုသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံဖြင့် ဖိလစ်ပိုင်သို့ ပြောင်းရွှေ့ လာမည်ဖြစ်ကြောင်း The HK Post သတင်းတွင် ဖော်ပြထားသည်။ 

သမိုင်းကြောင်းအရ စွမ်းအင်၊ ဆက်သွယ်ရေး၊ လေကြောင်းလိုင်းနှင့် ပို့ဆောင်ရေးအပါအဝင် အဓိကကဏ္ဍများတွင် ပြည်ပမှ ၄၀ ရာခိုင်နှုန်းအထိသာ ပိုင်ဆိုင်ခွင့်ပြုထားသည်။ ယင်းတရုတ်စွမ်းအင်ကုမ္ပဏီများတွင် နိုင်ငံပိုင် China Energy Group နှင့် လေရဟတ်ထုတ်လုပ်သည့် Mingyang Wind Power တို့ ပါဝင်သည်။ အဆိုပါ ကုမ္ပဏီ ၉ ခုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင် သိုလှောင်မှုစနစ်များနှင့် ဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးပေးစနစ်များကို အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။ 

အစိုးရ၏ ဇန်နဝါရီ ၅ ရက် ကြေညာချက်အရ စွမ်းအင်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံ ရင်းနှီးမြုပ်နှံမှုအပြင် တရုတ်ရင်းနှီးမြှုပ်နှံသူများသည် လယ်ယာစီးပွားရေးတွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံနှင့် လျှပ်စစ်ကားများနှင့် ဓာတ်သတ္တုသန့်စင်ခြင်းလုပ်ငန်းစဉ်များကို ဗျူဟာမြောက် လေ့လာစောင့်ကြည့်ရန် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်ဟု The HK Post တွင် ဖော်ပြထားသည်။ 

တရုတ်၏ ရင်းနှီးမြုပ်နှံမှုများသည် အိမ်ရှင်နိုင်ငံအပေါ် မှန်မှန်ကန်ကန်မျှမျှတတမဆောင်ရွက်ဘဲ ခေါင်းပုံဖြတ်အမြတ်ကြီးစားကာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဖိလစ်ပိုင်အနေဖြင့် သတိပြုရမည်ဖြစ်သည်။ 

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူများဖြစ်ကြောင်း ကြေညာထားသော်လည်း အမှန်တကယ်တွင် တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် ရည်မှန်းချက်များပါဝင်နေကြောင်း The HK Post က ဖော်ပြခဲ့သည်။ 

ရင်းနှီးမြှုပ်နှံမှုများရှိနေကြောင်းကို ထုတ်ဖော်မပြောရန် အိမ်ရှင်နိုင်ငံအား တားမြစ်ထားသည့် တင်းကျပ်လှသော လျှို့ဝှက်သတ်မှတ်ချက်များကြောင့် သက်ဆိုင်ရာနိုင်ငံအတွက် မည်သူမျှမသိသည့် ကြွေးမြီ ပြဿနာကို ဖြစ်ပေါ်စေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly