စာသင်ကျောင်းများမဖွင့်တော့သည့် ဖာရာရွတ်ခရိုင်ကို အာဖဂန်ပြည်သူများ စွန့်ခွာ 

စာသင်ကျောင်းများမဖွင့်တော့သည့် ဖာရာရွတ်ခရိုင်ကို အာဖဂန်ပြည်သူများ စွန့်ခွာ 

ဇန်နဝါရီလ ၂၈ ရက်

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာရွတ်ခရိုင်မှ ဒေသခံများသည် မိမိတို့၏ သားသမီးများအတွက် စာသင်ကျောင်းများ ရှားပါးလာခြင်းကြောင့် အဆိုပါဒေသကို စတင်စွန့်ခွာနေကြကြောင်း TOLOnews သတင်းတွင် ဇန်နဝါရီလ ၂၃ ရက်က ဖော်ပြထားသည်။ 

စာသင်ကျောင်းများမဖွင့်ခြင်းက ကလေးများ၏ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်သော်လည်း မည်သည့်အာ ဏာပိုင်ကမျှ ယင်းကိစ္စကို အရေးမစိုက်ကြောင်း ဒေသခံများက မကျေမနပ် ပြောဆိုကြသည်။ 

ဒေသန္တရအစိုးရက ကြိမ်ဖန်များစွာ မေတ္တာရပ်ခံခဲ့သော်လည်း ခရိုင်ကျောင်းများသည် အကြောင်းမဲ့ ပိတ်ထားဆဲ ဖြစ်သည်ဟု ဖာရာရွတ်ဒေသခံများက ဆိုသည်။ 

ဖာရာရွတ်ခရိုင်တွင်နေထိုင်သူ ရားမူဒင် အခွန်းဇာဒါးက ၎င်း၏ ကလေး ၅ ဦးကို ကျောင်းအပ်ရန် ရိုဘတ်တာ့ခ်ခန် ဒေသမှ ဖာရာမြို့သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ဖာရာ၏ အခြေအနေမှာ ဆိုးရွား နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဖာရာရွတ်ခရိုင်တွင် ကျေးရွာပေါင်း ၁၃၀ ကျော်ရှိပြီး ကျေးရွာ ၆ ရွာတွင်သာ စာသင်ကျောင်းရှိသည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ 

"လူငယ်တွေက လုံးဝစာမတတ်တော့ ကိုယ့်နာမည်ကိုတောင် မရေးတတ်ကြပါဘူး။ ဆရာဝန် သွားပြမယ်ဆိုလည်း ဆေးခန်းနဲ့ စက်ပြင်ရုံကိုတောင် မခွဲခြားတတ်ကြဘူး" ဟု ဖာရာရွတ်မှ ဆာယက်ဒူးဒ်က ပြောကြားခဲ့သည်။ 

ကဘူးလ်မြို့ ခါကိဂျက်ဘားခရိုင်ရှိ ကျောင်းသားများသည် ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဆရာ၊ ဆရာမများ မရှိခြင်းအပေါ် စိုးရိမ်ကြောင်း နိုဝင်ဘာလ အစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီး ယင်းအခြေအနေက ၎င်းတို့အတွက် ပညာသင်ယူရန် အခက်အခဲဖြစ်စေသည်ဟု TOLOnews သတင်းတွင် ဖော်ပြခဲ့သည်။ 

ဆောင်းဝင်ခါနီးတွင် ပညာသင်ယူရန် နေရာမရှိသည့်အပေါ်လည်း ကျောင်းသားများက ထုတ်ဖော်ပြောဆိုခဲ့သည်။ ပညာရေးဝန်ကြီးဌာနသည် ကျောင်းသားများ၏ အခြေခံလိုအပ်ချက်များ အထူးသဖြင့် ဒေသတွင်းတွင် ပညာရေးဆိုင်ရာ အဆောက်အအုံများ ဖြည့်ဆည်းပေးရန် တောင်းဆိုချက်များကို ယခုအချိန်အထိ မသိကျိုးကျွံပြုထားကြောင်း ဆရာ၊ဆရာမများက ပြောသည်။ 

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့်နှစ်က တာလီဘန်တို့ အာဏာရလာပြီးနောက်ပိုင်း စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် လူ့အခွင့်အရေးအခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။  

တာလီဘန်များသည် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို တုံ့ပြန်သည့်စနစ်ကို မဖော်ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူမည့် အမျိုးသမီးများ၏အခွင့်အလမ်းအပေါ် တားဆီးပိတ်ပင်မှုအသစ်များ ချမှတ်ခြင်း၊ အမျိုးသမီးများကို အကူအညီပေးရေးဝန်ထမ်းများအဖြစ် အလုပ်မလုပ်နိုင်စေရန် တာမြစ်ခြင်းနှင့် အမျိုးသမီး အခွင့်အရေး ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံနေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly