တာလီဘန်က ရန်ပုံငွေများကို တရုတ် Blowfish မောင်းသူမဲ့ဒရုန်းများဝယ်ယူရာတွင် သုံးစွဲနိုင်ဖွယ်ရှိ  

တာလီဘန်က ရန်ပုံငွေများကို တရုတ် Blowfish မောင်းသူမဲ့ဒရုန်းများဝယ်ယူရာတွင် သုံးစွဲနိုင်ဖွယ်ရှိ  

ဇန်နဝါရီလ ၂၈ ရက်

အာဖဂန်နစ္စတန်နိုင်ငံ၏  ပညာရေး ထောက်ပံ့ငွေသို့မဟုတ် ဖွံ့ဖြိုးရေး ရန်ပုံငွေများကို  တာလီဘန်တို့က တရုတ်နိုင်ငံမှ Blowfish မောင်းသူမဲ့ဒရုန်းများကို ဝယ်ယူရန်   အသုံးပြုလိမ့်မည်ဟု ယူဆရကြောင်း 19FortyFive သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

အဆိုပါဒရုန်းများသည် စက်သေနတ်များ၊ မော်တာကျည်များနှင့် လက်ပစ်ဗုံးများ ပစ်ခတ်နိုင်သည့် အသေးစား ရဟတ်ယာဉ်တစ်မျိုးဖြစ်သည်။ စစ်မြေပြင်တွင် လူအင်အား အသုံးပြုရမှု နည်းလမ်းစေနိုင်ပြီး  အသေသတ်ရမည့်သူနှင့် အရှင်ထားရမည့်သူကို ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဉာဏ်ရည်တုကို အဆိုပါ မောင်းသူမဲ့ဒရုန်းများတွင် ထည့်သွင်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့သော Blowfish မောင်းသူမဲ့ဒရုန်းများသည် မသမာသူများ၏လက်သို့ ရောက်ရှိသွားနိုင်သည့်အပေါ် စိုးရိမ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက ပြောခဲ့သည်။ တာလီဘန်တို့၏ အကြမ်းဖက်မှု နှိမ်နင်းရေးကို အထောက်အကူပြုရန် မောင်းသူမဲ့ဒရုန်းများလိုအပ်သည်သော တရုတ်၏ထုတ်ပြန်ချက်ကို အမေရိကန်အနေဖြင့် နားယောင်မနေသင့်ဘဲ တာလီဘန်နှင့် အယ်လ်ကိုင်ဒါတို့ အကြား  ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ 

အမေရိကန်အနေဖြင့် Blowfish ဒရုန်းရောင်းချမှုကို တန်ပြန်ရန်နှင့် ဒေသတွင်းလုံခြုံရေးနှင့် လူ့အခွင့် အရေးအတွက် တရုတ် သို့မဟုတ် ၎င်း၏ ပါကစ္စတန်ဖောက်သည်တို့အား ဂရုမမူဘဲ တာလီဘန်တို့၏ အာဏာချုပ် ကိုင်မှုကို ဆန်းစစ်ရန်လိုအပ်နေသည်။  

အစ္စလာမ္မစ်နိုင်ငံတော် ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့က ကဘူးလ်မြို့ရှိ တရုတ်လူမျိုးများ အများဆုံးတည်းခိုရာ ဟိုတယ်တစ်ခုကို မကြာသေးမီက တိုက်ခိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် တာလီဘန်များအား ခေတ်မီ လက်နက်များ ပံ့ပိုးပေးလျက်ရှိသည်ဟု ‘တာလီဘန်လောင်းရိပ်အောက်မှ အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး- သုံးပွင့်ဆိုင်ဇာတ်လမ်း (The Troubled Triangle)’ စာအုပ်ရေးသားသူ ဇာဖာအစ်ဘဲလ် ယူဆွတ်ဖ်ဇိုင်းက The Jamestown Foundation တွင် ရေးသားခဲ့သည်။ 

တည်ငြိမ်မှုမရှိသေးသည့် အာဖဂန်နစ္စတန်သည် တရုတ်အကျိုးစီးပွားကို ခြိမ်းခြောက်နေပြီး ခါးပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI) အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေနိုင်သောကြောင့် တရုတ်က ယခုကဲ့သို့ လက်နက်များ ထောက်ပံ့လာခြင်းဖြစ်သည်။ 

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ အမူဒါယာမြစ်ဝှမ်းဒေသတွင် ရေနံတူးဖော်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် သဘော တူညီချက်ကို တာလီဘန်တို့က ယခုလအစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် အနောက်နိုင်ငံများတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ 

အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံတမန် ဝမ်ယုနှင့် အာဖဂန်စီးပွားရေးဆိုင်ရာ ယာယီဒုတိယဝန်ကြီးချုပ် အဗ္ဗဒူဂါနီ ဘာရာဒါ အပါအဝင် တာလီဘန်အဆင့်မြင့်အရာရှိများ၏ ရှေ့မှောက်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တန်ကြေးရှိ စာချုပ်ကို  ဇန်နဝါရီ ၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ 

"အာဖဂန်နစ္စတန်ကို ၂၀၂၁ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက် တာလီဘန်တို့၏ ပထမဆုံးသော အကြီးစား စွမ်းအင်ရင်းနှီးမြှုပ်နှံမှုစာချုပ်သည် အာဖဂန်နစ္စတန်အပေါ် တရုတ်၏ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုကို ဖော်ပြနေသည်" ဟု ဝါရှင်တန်အခြေစိုက်သုတေသီ ကိုင်လ်ဆာဂျိုရန်က 19fortyfive သတင်းဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly