ပိတ်ဆို့အရေးယူမှုများရှိသော်လည်း ရုရှားမှ တရုတ်၏ရွှေတင်သွင်းမှု မြင့်တက်လာ   

ပိတ်ဆို့အရေးယူမှုများရှိသော်လည်း ရုရှားမှ တရုတ်၏ရွှေတင်သွင်းမှု မြင့်တက်လာ   

ဇန်နဝါရီလ ၂၈ ရက်

ယူကရိန်းနိုင်ငံကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက် ရုရှားကုန်ပစ္စည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြသော်လည်း ရုရှားနိုင်ငံမှ တရုတ်၏ ရွှေတင်သွင်းမှု မြင့်တက်လာသည်ဟု အကောက်ခွန်အေဂျင်စီက ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း ရုရှားနိုင်ငံအခြေစိုက် ရုပ်မြင်သံကြားကွန်ရက် Russia Today (RT) က ဖော်ပြသည်။ 

တရုတ်သည် မသန့်စင်ရသေးသော ရွှေ ၃ ဒသမ ၇ တန်နှင့် တစ်စိတ်တစ်ပိုင်း သန့်စင်ထားသော ရွှေ ၂ ဒသ ၉ တန်အပါအဝင် အမေရိကန်ဒေါ်လာ ၃၈၆ ဒသမ ၉ သန်းတန်ဖိုးရှိ ရုရှားရွှေစုစုပေါင်း ၆ ဒသမ ၆ တန်ကို ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့သည်။  

ရုရှားမှ တရုတ်နိုင်ငံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ရွှေတင်ပို့မှု စုစုပေါင်း ၂၂၀ ဒသမ ၂ ကီလိုဂရမ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈၅ သန်းတန်ကြေးရှိသည်။ တရုတ်နိုင်ငံသို့ ရုရှားရွှေတင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် အလေးချိန်ပမာဏအားဖြင့် ၆၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ငွေကြေး တန်ဖိုးအားဖြင့် ၆၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ 

သို့သော် တရုတ်နိုင်ငံ၏ ရွှေဝယ်ယူမှုတွင် ရုရှား၏ဝေစုသည် ယခုအချိန်အထိ နည်းနေသေးသည်။ တရုတ်နိုင်ငံသို့ အဓိကရွှေတင်သွင်းသည့် နိုင်ငံမှာ ဆွစ်ဇာလန်နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စုစုပေါင်းရောင်းချမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၄ ဘီလီယံကျော်ရှိသည်။ အကြမ်းဖျင်းအားဖြင့် တရုတ်နိုင်ငံသို့ ရွှေတင်သွင်းသည့် အခြားထိပ်တန်းနိုင်ငံများမှာ ကနေဒါ၊ တောင်အာဖရိက၊ သြစတြေးလျနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း RT က ဖော်ပြသည်။ 

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားရွှေတင်ပို့မှုသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ကျဆင်းခဲ့သည်။ ရုရှားနိုင်ငံမှ ထွက်သော ရွှေများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဝယ်ယူခြင်း၊ တင်သွင်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအား ဥရောပသမဂ္ဂနိုင်ငံများ ၊ ဗြိတိန်၊ အမေရိကန်၊ ဂျပန်နှင့် ကနေဒါတို့က တားမြစ်ထားသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများ မချမှတ်မီက ဗြိတိန်သည် ရုရှားရွှေကို အများဆုံး ဝယ်ယူသူဖြစ်သည်။ ဗြိတိန်သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ရွှေ ၂၆၆ ဒသမ ၁ တန် (စုစုပေါင်းတင်ပို့မှု၏ ၈၈ ရာခိုင်နှုန်း) ကို ဝယ်ယူခဲ့သည်။ ဥရောပကော်မရှင်သည် ရုရှားရွှေတင်သွင်းမှုကို တားမြစ်မည့် သတ္တမမြောက်အစီအစဉ်အတွက် အဆိုပြုချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်တွင် အတည်ပြုခဲ့သည်။ 

ယင်းအဆိုပြုချက်သည် ဥရောပသမဂ္ဂ၏ ရုရှားအပေါ် အစောပိုင်းပိတ်ဆို့အရေးယူမှု အစီအစဉ် ၆ ခု၏ အကောင်အထည်ဖော်မှုနှင့်ထိရောက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အစီအမံအသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 

ယင်းအဆိုပြုချက်ကို ဥရောပကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

"ရှရှားကို ပြင်းထန်စွာ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထပ်မံတင်းကျပ်ဖို့ ဒီနေ့ အဆိုပြုလိုက်ပါတယ်။ ဒီထက်ပိုပြီး ထိထိရောက်ရောက် အကျပ်ကိုင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ သက်တမ်းတိုးဖို့ အဆိုပြုပါတယ်။ ရှရှားအနေနဲ့ ရန်စမှုအတွက် ကြီးမားတဲ့ပေးဆပ်မှုကို  ဆက်ပေးနေရမှာပါ” ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly