စစ်ကိုင်းတံတားအနီး ပြောက်ကျားရဲဘော်ဖမ်းဆီးခံရ၊ မြေပြင်ဆက်စပ်ထားသူများ လုပ်ငန်းခေတ္တ ရပ်ထားရန် သတိပေး 

By 007 
27 January 2023
စစ်ကိုင်းတံတားအနီး ပြောက်ကျားရဲဘော်ဖမ်းဆီးခံရ၊ မြေပြင်ဆက်စပ်ထားသူများ လုပ်ငန်းခေတ္တ ရပ်ထားရန် သတိပေး 
ပုံစာ ပြောက်ကျားရဲဘော်ဖမ်းဆီးခံရသည့် စစ်ကိုင်းတံတားအနီး နှာပေါက်ဂိတ်ဖြစ်ပါသည်(ပုံဟောင်းဖြစ်ပါသည်)

မန္တလေး(မဇ္စျိမ)။    ။စစ်ကိုင်း(ရတနာပုံ)တံတားအနီး နှာပေါက်ဂိတ်တွင်၊ မြို့ပြပြောက်ကျားရဲဘော်တစ်ဦး၊ ယနေ့နံနက်ပိုင်းက လက်နက်များနှင့်အတူဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။ 

ယနေ့ ဇန်နဝါရီ ၂၇ ရက်နံနက် ၁၀ နာရီခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး၊ Mandalay UG Wolf Army အဖွဲ့မှ ရဲဘော်နိုင်းနိုင်း(ခ) အငယ်ကောင်ဆိုသူဖြစ်ကြောင်း သိရသည်။ 

“ကျန်ရဲဘော်များမှ ဆက်စပ်ပတ်သက်သူများ ထပ်မံ၍အဖမ်းမခံရစေရန်၊ အသိပေးကြေညာခိုင်းခြင်းဖြစ်သည်” ဟု  Mandalay UG Wolf Army ၏အကြောင်းကြားမှုဖြင့်၊ MDY Revolution အဖွဲ့က သတင်းထုတ်ပြန်သည်။ 

Mandalay UG Wolf Army သည်၊ မန္တလေးမြို့ပေါ်ကစစ်အုပ်စုအား၊ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ စစ်ကောင်စီ၏ကွင်းစက်အလိုက် ဖမ်းဆီးမှုများခံနေရသဖြင့်၊ ပြီးခဲ့သည့် နှစ်ဒီဇင်ဘာလဆန်းပိုင်းကစ၍ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ကာ မြို့ပြစစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေသည့်အဖွဲ့လည်းဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#မန္တလေးမြို့
#ပြောက်ကျားစနစ်
#စစ်ကိုင်းရတနာပုံတံတား
#MDYRevolution
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required