ဂျပန်အနီး သင်္ဘောနစ်မြုပ်၍ တရုတ် ၆ ဦးနှင့် မြန်မာ ၂ ဦး သေဆုံး 

ဂျပန်အနီး သင်္ဘောနစ်မြုပ်၍ တရုတ် ၆ ဦးနှင့် မြန်မာ ၂ ဦး သေဆုံး 

ဂျပန်ကမ်းလွန်ရေပြင်တွင် သင်္ဘောနစ်မြုပ်ရာမှ တရုတ်နိုင်ငံသား ခြောက်ဦးနှင့် မြန်မာနိုင်ငံသား နှစ် ဦး သေဆုံးကာ နောက်ထပ် တရုတ်နိုင်ငံသား လေးဦးနှင့် မြန်မာနိုင်ငံသား ငါးဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်အရ သိရသည်။ 

တရုတ်နှင့် မြန်မာမှ သင်္ဘောသားများ လိုက်ပါလာသော Jin Tian သင်္ဘောသည် ဂျပန်အနောက်တောင်ဘက်စွန်း လူမနေသော ဒန်ဂျိုကျွန်း အနောက်ဘက် ၆၈ မိုင်အကွာ နေရာမှ အင်္ဂါနေ့ ညပိုင်းတွင် ဘေးအန္တရာယ် ကြုံရကြောင်း အချက်ပြအကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ 

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် သင်္ဘောကပ္ပတိန်က သူနှင့် သင်္ဘောသားများ နစ်မြုပ်လျက်ရှိသည့် သင်္ဘောကို စွန့်ခွာပြီဖြစ်ကြောင်း ဂြိုဟ်တုဖုန်းဖြင့် တောင်ကိုရီးယားကမ်းခြေစောင့်တပ်ထံ အကြောင်းကြားခဲ့သည်။ 

ဂျပန်ကမ်းခြေစောင့်တပ်နှင့် စစ်တပ်တို့မှ ရေယာဉ်များနှင့် စစ်လေယာဉ်တို့ဖြင့် ရှာဖွေရေးများ ဆောင်ရွက်ရာ သင်္ဘောသား ၁၃ ဦးကို ကယ်တင်နိုင်ခဲ့သည်။ 

အဆိုပါ နေရာတွင် ရှိနေသည့် ပုဂ္ဂလိကသင်္ဘော သုံးစင်းမှ သောင်တင်နေသည့် သင်္ဘောသားများမှ ငါးဦးကို ကယ်တင်ခဲ့သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်က ဆိုသည်။ 

“၁၃ ဦးကို ကယ်တင်နိုင်ခဲ့ရာမှာ ရှစ်ယောက်က သေဆုံးတယ်၊ အဲဒီ ရှစ်ဦးမှာ တရုတ်နိုင်ငံသားက ခြောက်ဦးဖြစ်တယ်”ဟု ဖူကူအိုကာမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ် လုကြည်ကျန်က နိုင်ငံပိုင် ရုပ်သံ CGTN သို့ ပြောသည်။ 

“တရုတ်သင်္ဘောသား လေးဦးအပါအဝင် အသက်ရှင်သူ ငါးဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား မရှိဘူး၊ ကံဆိုးကြတဲ့ သင်္ဘောသားတွေအတွက် ကျွန်တော်တို့ အတော်လေး စိတ်ကောင်းရကြောင်း ပြောချင်တယ်”ဟု ၎င်းက ပြောသည်။ 

နာဂါဆာကီကမ်းခြေစောင့်တပ်သို့ ဌာနေတရုတ်မစ်ရှင်မှ တာဝန်ရှိသူများ သွားရောက်ကြောင်းနှင့် သေဆုံး သင်္ဘောသားများအတွက် ပန်းများ ချထားပြီး ဝမ်းနည်းမှုကို ဖော်ပြခဲ့ကြောင်း ၎င်းက ပြောသည်။ 

အသက်ရှင်သူများထံလည်း ၎င်းတို့က သွားရောက်ခဲ့ပြီး အဝတ်အစား၊ စားစရာနှင့် သောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်ဟု ကောင်စစ်ဝန်က ဆိုသည်။ 

ယခု သင်္ဘောတိမ်းမှောက်မှုသည် အာရှအနှံ့အပြား၌ အအေးပြင်းထန်နေချိန်ပဲ ဖြစ်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ရာနေရာသည်လည်း နေ့အပူချိန်က ၃၇ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းနေချိန်ဖြစ်သည်။ 

အဆိုပါ တန်ချိန် ၆,၆၅၁ တန်ရှိ Jin Tian သင်္ဘောသည် ဟောင်ကောင်မှတ်ပုံတင်သင်္ဘောဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည်။ 

၂၀၂၀ အတွင်းကလည်း အမှုထမ်း ၄၃ ဦးနှင့် ကျွဲနွား ၆,၀၀၀ တင်ဆောင်လာသော ကုန်တင်သင်္ဘောသည် ဂျပန်အနောက်တောင်ပိုင်း ကမ်းလွန်၌ မုန်တိုင်းမိပြီး နစ်မြုပ်ရာ နှစ်ဦးသာ အသက်ရှင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required