မြန်မာနိုင်ငံ ထောင့်တစ်နေရာက တရုတ်မြို့

By Nicholas Nugent  
27 January 2023
 မြန်မာနိုင်ငံ ထောင့်တစ်နေရာက တရုတ်မြို့

အမျိုးသားနိုင်ငံတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက နယ်စပ် သတ်မှတ်ပြီး နိုင်ငံတော်တွေအဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။ ဒီအတွက် လုံးလုံးလျားလျား တရုတ်ရဲ့ အစိတ်အပိုင်းဖြစ်နေတဲ့ မြန်မာနိုင်ငံ ထောင့်တစ်နေရာက မြို့တစ်မြို့ကို မြင်တွေ့ရတာကတော့ အံ့ဩစရာပဲ ဖြစ်ပါတော့တယ်။

မိုင်းလားနယ်စပ်မြို့မှ Nicholas Nugent သတင်းတင်ဆက်ပါတယ်။

မိုင်းလားမြို့ဟာ တရုတ်၊ ယူနန်ပြည်နယ်နဲ့ ကပ်လျက် မြောက်ပိုင်းရှမ်းပြည်နယ်က တရုတ်နဲ့ မြန်မာကြား ဖြတ်သန်းရာ မြို့တစ်မြို့ပါ။ ဘိန်းဖြူ ထုတ်လုပ်တာနဲ့ ဘိန်းပင်စိုက်ပျိုးတာကြောင့် နာမည်ကြီးတဲ့ ရွှေတြိဂံဒေသရဲ့ အချက်အချာ ကျိုင်းတုံမြို့ကနေ အရှေ့မြောက်ဘက်ကို နှစ်နာရီကြာ ကားမောင်းပြီး မိုင်းလားမြို့ဆီ ကျွန်တော် ရောက်ရှိခဲ့ပါတယ်။

နိုင်ငံတကာနယ်မြေမျဉ်းရဲ့ မြန်မာဘက်ခြမ်းမှာ ရှိနေတဲ့ မိုင်းလားမြို့ဟာ ဗိသုကာလက်ရာတွေနဲ့ တရုတ်အငွေ့အသက်တွေကြောင့် ယူနန်ပြည်နယ်က မြို့ငယ်တစ်မြို့အသွင် ရှိပါတယ်။ မြို့အပေါ် စီးမိုးထားတဲ့ ဗုဒ္ဓရုပ်ပွားတော် ရှိနေပြီး အမြင့်ကနေ မြို့ကို လှမ်းကြည့်ရင် မြောက်ဘက်မှာ နိုင်ငံတကာနယ်စပ်စခန်းကို မြင်တွေ့ရမှာပါ။

မိုင်းလားဈေးဆီ သွားကြည့်ရင်တော့ တရုတ်နိုင်ငံမှာ ရောက်နေသလားလို့တောင် ထင်မြင်သွားစေမှာ အမှန်ပါပဲ။ အသားငါးအပါအဝင် ရောင်းချတဲ့ စားစရာတွေကလည်း တရုတ်အစားအစာတွေပဲ ဖြစ်ပါတယ်။ မှင်သက်စရာ အကောင်းဆုံးကတော့ ရောင်းရေးဝယ်တာမှာ ကျပ်ငွေထက် ယွမ်ငွေကိုပဲ သုံးနေကြတာပါ။ မိုင်းလားမြို့ရဲ့ လျှပ်စစ်နဲ့ ဆက်သွယ်ရေးကွန်ရက်ဟာလည်း တရုတ်ဆီက ဖြစ်ပါတယ်။

ဒေသစံတော်ချိန်ကို ကြည့်ဦးမလား၊ တရုတ်က စံတော်ချိန်ပါပဲ၊ မြန်မာအချိန်ထက် တစ်နာရီခွဲ ပိုစောတဲ့ အချိန်မှာ ရောက်ရှိနေတာ တွေ့ရပါမယ်။ ကျွန်တော် တည်းခဲ့တဲ့ ဟိုတယ်ဆိုရင်လည်း တရုတ်အတိုင်းပါပဲ၊ အမှန်တော့ မိုင်းလားဒေသခံတွေဟာ တရုတ် ဟန်လူမျိုးဆိုတာထက် မြန်မာလူနည်းစု တိုင်းရင်းသား ဝလူမျိုးလို့ သူတို့ကိုယ်သူတို့ အများစု ခံယူကြတာပါ။ ဒါပေမဲ့ စကားပြောတော့ မြန်မာစကားထက် တရုတ်စကား ပြောကြတာ ဖြစ်ပါတယ်။ ဗမာစကားပဲ ပြောတတ်ပြီး ကျပ်ငွေပဲ ကိုင်သွားမယ်ဆိုရင်တော့ မိုင်းလားမြို့မှာ အရာရောက်လိမ့်မှာ မဟုတ်ပါဘူး။

မိုင်းလားဒေသဟာ ဒေသခံလက်နက်ကိုင်တွေနဲ့ တပ်မတော်ကြား အပစ်ရပ်ပြီးနောက် ၁၉၈၉ ခုနှစ်မှာ မြန်မာဗဟိုအစိုးရနဲ့ သဘောတူညီချက် ရပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခဲ့ပါတယ်။ ဝဒေသမှာ အများစုရှိနေပေမယ့် မိုင်းလားအတွက် “အထူးခရိုင်” ဖွဲ့စည်းရာမှာ ဝ၊ ကိုးကန့်နဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေလို မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးရေးအပေါ် အခြေမခံခဲ့ပါဘူး။ ဗမာကွန်မြူနစ်ပါတီ CPB ပြိုကွဲချိန် ကာလတစ်ဝိုက် အထူးအခွင့်အရေး ရရှိပြီးနောက်မှာ နိုင်ငံရေးပေါ် ပိုပြီး အခြေခံခဲ့တာ ဖြစ်ပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေမှာ အဓိကပါဝင်သူကတော့ တရုတ်မှာ Lin Mingxian ဟု သိကြပြီး မြန်မာမှာ စိုင်းလင်းလို့ သိတဲ့ CPB အမှုထမ်းဟောင်းတစ်ဦးပါ။ သူဟာ တစ်ချိန်က ယူနန်ပြည်နယ်ရဲ့ ကူမင်းမြို့တော်ကနေ Chinese Red Guard တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူပါပဲ။ မိုင်းလား သို့မဟုတ် တရားဝင်နာမည် အထူးဒေသ (၄) ကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အုပ်စုကတော့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် NDAA ပဲ ဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နယ်စပ်ဖြတ်သန်းမှုအများစုဟာ မြန်မာနိုင်ငံရဲ့ ကြီးထွားလာတဲ့ မက်တာဖီတမင်း ထုတ်လုပ်မှုနဲ့ ဆက်စပ်နေပါတယ်။ အနောက်ပိုင်း ရှမ်းပြည်က မူဆယ်ကတော့ ကျောက်စိမ်းနဲ့ အခြား ကျောက်မျက်ရတနာတွေ ကုန်သွယ်မှုကြောင့် ကျော်ကြားတာပါ။ မိုင်းလားရဲ့ စီးပွားရေး ဖြစ်ထွန်းမှုကတော့ လောင်းကစားပါပဲ။ တရုတ်နိုင်ငံမှာ လောင်းကစားတာ တားမြစ်ခံရတဲ့ တရုတ်နိုင်ငံသားတွေဟာ မိုင်းလားမြို့တစ်လွှား အမှောင်ကျတဲ့ နေရာတွေမှာ ဖွင့်လှစ်ထားတဲ့ ကာစီနိုတွေဆီ နယ်စပ်ဖြတ်ကျော်ပြီး လာကစားကြပါတယ်။ တရုတ်အာဏာပိုင်တွေက ကန့်ကွက်တဲ့နောက်မှာတော့ သူတို့တွေကို နယ်စပ်ကနေ ပြန်ပို့ရပါတယ်။ မိုင်းလားဟာ လောင်းကစားသမားတွေရဲ့ နတ်ပြည်ပါပဲ။ အမေရိကန်က လက်စ်ဗီဂတ်စ်နဲ့ မနှိုင်းလောက်ပေမယ့် တရုတ်ဧည့်သည်တွေနဲ့ တစ်နှစ်ပတ်လုံး စည်ကားနေတာ ဖြစ်ပြီး ကာစီနိုပိုင်ရှင်တွေအတွက်တော့ တော်တော်လေး အမြတ်အစွန်း ကြီးပါတယ်။

မြို့ရဲ့ တခြားသော နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုတွေထဲမှာ ရှားပါးတိရစ္ဆာန်မျိုးစိတ်တွေ ကုန်သွယ်မှု ပါဝင်နေတယ်လို့ ပြောရမှာပါ။ တရုတ်ဟင်းလျာ ဒါမှမဟုတ် တရုတ်တိုင်းရင်းဆေးရဲ့ အမယ်အဖြစ် သင်းခွေချပ်လို ရှားပါးမျိုးစိတ်တွေကို ရောင်းဝယ်နေကြပါတယ်။ NDAA အုပ်ချုပ်နေပြီး တရုတ်ရော မြန်မာအာဏာပိုင်တွေပါ အာဏာမသက်ရောက်တဲ့ အထူးဒေသဖြစ်တာကြောင့် ခုလို ရှားပါးမျိုးစိတ်တွေကို ပေါ်ပေါ်တင်တင်ပဲ ကုန်သွယ်ရောင်းဝယ်နေကြတာ ဖြစ်ပါတယ်။

ဗဟိုအာဏာ မသက်ရောက်တာကြောင့် မိုင်းလားဟာ “ကျဆုံးမှု၊ ရေရှည်အမေ့လျော့ခံမှုနဲ့ ပဋိပက္ခရဲ့ သင်္ကေတ” ဖြစ်နေတယ်လို့ ဗြိတိသျှ သမိုင်းပညာရှင် မာတင်စမစ်က ပြောပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ အခြေအနေဟာ “ဘယ်သူဘယ်သူကိုမှ အရေးယူတာမျိုး” လည်း မရှိတာကြောင့် ဆက်လက်ဖြစ်နေတာပဲလို့ သူက ဆိုပါတယ်။ မိုင်းလားဟာ တိုင်းပြည်နှစ်ခုကြားမှာတော့ သဟဇာတနယ်မြေပါပဲ။ ဘာကြောင့်လည်းဆိုတော့ အဓိက လောင်းကစားလုပ်နိုင်တဲ့ ဝန်ဆောင်မှုအပြင် ကုန်စည်အမျိုးမျိုးကို နယ်စပ်ဖြတ်ကျော် ကုန်ကူးနိုင်တဲ့ အချက်အချာ ဖြစ်နေလို့ပါ။ ဒီလို ကုန်ကူးကြရာမှာ ယူနန်မှာ အမျိုးသမီးဦးရေ ရှားပါးတာကို ဖြေရှင်းပေးမယ့် အရွယ်ရောက် အမျိုးသမီးတွေကို ပို့ဆောင်ကုန်ကူးတာလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလအတွင်း စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တာဟာ မိုင်းလားရဲ့ ရှိရင်းစွဲအခြေအနေကို ခြိမ်းခြောက်လာတာမျိုး မရှိပါဘူး။ မြန်မာစစ်တပ်ဟာ နယ်စပ်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် နိုင်ငံနယ်မြေဒေသတွေက ဒီမိုကရေစီ လိုလားတဲ့ တော်လှန်မှုတွေကို တိုက်ခိုက်နေရချိန်မှာ မိုင်းလားက လောင်းကစားလုပ်ငန်းတွေကို ဖြိုခွင်းပြီး နောက်ထပ် “ပျားအုံ” ကို တုတ်နဲ့ထိုးတာမျိုးတော့ လုပ်ဖို့ စိတ်ကူးလိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ တရုတ်ရဲ့ သဘောထားက ပြောင်းလဲနေနိုင်ပါတယ်။ တရုတ်စီးပွားရေးကနေ အမေရိကန်ဒေါ်လာ ၁၄၄ ဘီလီယံနဲ့ ညီမျှတဲ့ ယွမ်ငွေကြေးတွေဟာ မိုင်းလားလို “နယ်မြေခြား” လောင်းကစားစင်တာတွေကတစ်ဆင့် ယိုစီးထွက်နေတာကို သမ္မတ ရှီကျင့်ဖျင်က စိုးရိမ်ပူပန်လျက် ရှိနေပါတယ်။ မိုင်းလားက တစ်ဦးအပါအဝင် ကာစီနိုလုပ်ငန်း လုပ်နေတဲ့ တရုတ်နိုင်ငံသား ရှစ်ဦးကို ရှန်ဟိုင်းမှာ ဖမ်းဆီးထောင်ချခဲ့ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလက တရုတ်မီဒီယာမှာ ဖော်ပြပါတယ်။

မိုင်းလားကာစီနိုတစ်ခုနဲ့ ချိတ်ဆက်တဲ့ တရုတ်စီးပွားရေးသမား ကျို့ဝေဟာ ဒေသတွင်းမှာ နောက်ထပ် “နယ်မြေခြား” လောင်းကစားရုံကို ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်း-လာအို နယ်စပ်မှာ ရှိတဲ့ ဂန္ဓဝင်ပုံစံနဲ့ Kings Roman Casino ဟာ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူက ကာစီနိုတွေအတိုင်း တရုတ်ဧည့်သည်တွေကို အဓိက လက်ခံတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ တရုတ်ဧည့်သည်တွေကို ပစ်မှတ်ထားတဲ့ ကာစီနိုပေါင်း ၃၄၀ လောက်အထိ ရှိနေတယ်လို့ The Economist သတင်းစာက ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံရဲ့ လောင်းကစားကို တားမြစ်တာဟာ “ကျန်အာရှဒေသအတွက် အသပြာလက်ဆောင်” ပဲလို့ အဲဒီ သတင်းစာက ဖော်ပြပါတယ်။ Kings Roman နဲ့ မိုင်းလားကလို ကာစီနိုတွေဟာ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတာရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ ငွေကြေးခဝါချတဲ့ နေရာတွေပဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက အတည်ပြုထားပါတယ်။

မြန်မာနိုင်ငံဟာ ဓာတုပစ္စည်းသုံး မက်တာဖီတမင်း မူးယစ်ဆေး အဓိကထုတ်တဲ့ အာရှနိုင်ငံအဖြစ် မကောင်းသတင်း ကျော်ဇောထားပြီး ဖြစ်ပါတယ်။ တစ်ချိန်က ဘိန်းဖြူလိုပဲ မြန်မာက ထုတ်တဲ့ မက်တာဖီတမင်းဆေးတွေဟာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်အပြင် ဩစတြေးလျ၊ ဥရောပနဲ့ အမေရိကန်အထိ တရားမဝင် ရောက်ရှိနေတာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီ “ရွှေတြိဂံ” ဒေသဟာ အခြား စွဲမက်ဖွယ်ရာ တစ်ခုကို အလုပ်အကျွေးပြုနေပါပြီ၊ အဲဒါကတော့ လောင်းကစားပဲ ဖြစ်ပါတယ်။ အစိုးရတွေဟာ လောင်းကစားလုပ်ငန်းကိုတော့ မူးယစ်ဆေးဝါး ကုန်ကူးတာထက် စိုးရိမ်ပူပန်မှု နည်းပါးနေဆဲပဲဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly