တနင်္သာရီမြို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ဦးသေ PDF ၃ ဦးကျ

By ကိုရွှေမြိတ်
27 January 2023
တနင်္သာရီမြို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ဦးသေ PDF ၃ ဦးကျ

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ငါးရက်အတွင်း တိုက်ပွဲတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးပြီး၊ PDF အဖွဲ့က သုံးဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)တပ်ရင်း (၂) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီမြို့နယ်ရှိ အနီးတစ်ဝိုက်နှင့် ကျေးရွာအချို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲ ငါးရက်နီးပါး ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၄ နာရီခန့် အချိန်တွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်) တပ်ရင်း(၂) ၏ သတင်းထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့တွင်လည်း ပြည်သူ့ ကာကွယ်‌ရေး တပ်မ‌တော် မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂)၊ မြိတ် (ပကဖ)၊ တနင်္သာရီမြို့နယ် (ပကဖ) နှင့် တောကြီးမြွေဟောက် (King Bar Force) ပူးပေါင်း အဖွဲ့မှ ဒရုန်း (Drone) ဖြင့် တနင်္သာရီတံတားရှိ ရဲကင်းဂိတ်၊ ဗောဓိကမ်း တံတားထိပ်နှင့် လဝကရုံး စသည့်နေရာ သုံးခုကို ဆက်တိုက် ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းသိရကာ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင်လည်း ဒရုန်း (Drone) ဖြင့် ထပ်မံတိုက်ခိုခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးပြီး သုံးရက်အတွင်း စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဇန်နဝါရီလ ၂၅ ရက်နေ့ တစ်ရက်တည်း၌ မြိတ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ရဲဘော် နှစ်ဦးနှင့် တနင်္သာရီ (ပကဖ) အဖွဲ့မှ ရဲဘော် တစ်ဦး အပါဝင် သုံးဦးသည် တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်မှုနှင့် ဗုံးမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့ကြောင်း PDF ရဲဘော်များထံမှ သိရသည်။

လက်ရှိ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် တနင်္သာရီမြို့နယ်ရှိ ဗောဓီကမ်းဘက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း ဒေသခံများ၏ပြောဆိုချက် အရသိရပြီး ယင်းတိုက်ပွဲကြောင့် ဒေသခံ ၂,၀၀၀ နီးပါးလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required