တစ်နှစ်လျှင် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ အောက်သာရှိပြီး ဆင်းရဲနွမ်းပါးသော ဒေသအဖြစ် ရှိနေဆဲဖြစ်သည့် သဘာဝသယံဇာတ ပေါကြွယ်ဝသော ဘာလိုချီစတန်ပြည်နယ်မှ အဖိုးတန်သဘာဝရင်းမြစ်များကို တရုတ်က တူးဖော်နေသည်ဟု Islam Khabar သတင်းစာက ဖော်ပြသည်။
တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း (BRI) နှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများအောက်၌ ပါကစ္စတန်၏ အကြီးဆုံးပြည်နယ်ဖြစ်သော ဘာလိုချီစတန်မှ သဘာဝအရင်းအမြစ်များကို တရုတ်က အပိုင်သိမ်းနေကာ ၎င်းတို့ကုမ္ပဏီများမှာ အကျိုးအမြတ်များစွာ ရလျက်ရှိသည်။
ဒေသခံလူထုသည် အလုပ်အကိုင် သို့မဟုတ် ငွေကြေးအကျိုးအမြတ် အနည်းငယ်သာ ရရှိသည်။ အလားတူပင် တရုတ်သည် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် မကြာသေးမီ နှစ်များအတွင်းက တရားမဝင် သတ္တုတူးဖော်မှုများ ပြုလုပ်ခဲ့သည်။ သဘာဝသယံဇာတများ ထုတ်ယူရာတွင် တရုတ်၏ လုပ်ရပ်များက ဆိုးရွားသော အကျိုးသက်ရောက်မှုများရှိကြောင်း ယင်းဖြစ်ရပ်များက ပြသနေသည်ဟု Islam Khabar သတင်းစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ပါကစ္စတန် ပြည်တွင်းစီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ဘာလိုချီစတန် ပြည်နယ်ရှိ ရွှေ၊ ငွေနှင့် ကြေးနီတူးဖော်သည့် တရုတ်ကုမ္ပဏီသည် ကိုဗစ်ကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၇၅ သန်းခန့် အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ တွင် Invest Pakistan သတင်းတွင် ဖော်ပြခဲ့သည်။
အမြတ်ငွေ အများစုကို တရုတ်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။ ယင်းလုပ်ရပ်ကို ထောက်ခံသူများက ပိုမိုကောင်းမွန်သော ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအတွက် ထောက်ပံ့မှုများ လုပ်ခဲ့ပြီး အလုပ်အကိုင်များလည်း ဖန်တီးပေးကြောင်း ပြောကြသည်။ သို့သော် ဒေသခံအများအပြားက ၎င်းတို့ ဘဝသည် တိုးတက်လာခြင်း မရှိဟု ဆိုသည်။
လက်တွေ့တွင်မူ ဘာလိုချီစတန်သည် ဆင်းရဲနွမ်းပါးပြီး လျစ်လျူရှုခံရသော ပြည်နယ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကာ ဆိုင်ဒက် ကြေးနီနှင့်ရွှေစီမံကိန်းသည် ပါကစ္စတန်နိုင်ငံအတွက် အမြတ်အစွန်းများရရှိစေသလို တရုတ်ရင်းနှီးမြုပ်နှံမှုနှင့်အတူ ပါလာသည့် ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို ဥပမာပြနေသည်ဟု Islam Khabar က ဖော်ပြသည်။
ပါကစ္စတန်နှင့် တရုတ်တို့သည် တရုတ်သတ္တုတွင်းလုပ်ငန်းစု ကော်ပိုရေးရှင်း၏ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်သော Metallurgical Corporation of China Ltd (MCC) အား ၁၀ နှစ် အငှားချထားခြင်းဖြစ်ပြီး ကနဦးတွင် သတ္တုတွင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၃၅၀ တန်ကြေးရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
သတ္တုတွင်းလုပ်ငန်းအမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းကို MCC သို့ပေးရမည်ဖြစ်ပြီး ပါကစ္စတန်အစိုးရထံ ၄၈ ရာခိုင်နှုန်းနှင့် ဘာလိုချီစတန်ပြည်နယ်အစိုးရထံ ၂ ရာခိုင်နှုန်း ခွဲဝေပေးရန် သဘောတူညီချက်တွင် ဖော်ပြထားသည်။ အငှားချထားမှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် နောက်ထပ် ၁၅ နှစ် သက်တမ်းတိုးခဲ့ပြီး ပါကစ္စတန်၏ ဝေစုသည် ၅၃ ရာခိုင်နှုန်းအထိရှိလာကာ ဘာလိုချီစတန်ပြည်နယ်အစိုးရအတွက် ၅ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း Islam Khabar က ဖော်ပြသည်။
ဘလိုချီစတန်သည် အမြတ်ငွေ၏ ၆ ရာခိုင်နှုန်းအောက်သာ ရရှိခြင်းမှာ တရားမျှတမှု မရှိဟု တက်ကြွလှုပ်ရှားသူများက ယူဆထားသည်။ ထို့ပြင် ခွဲထွက်ရေးအုပ်စုများက လွတ်လပ်သော ဘာလိုချီစတန်ပြည်နယ် တည်ထောင်ရန်နှင့် တရုတ်တို့ကို ဘာလိုချီစတန်မှ နှင်ထုတ်ရန် အစိုးရနှင့် စစ်ပွဲဆင်နွှဲလျက်ရှိသည်။