နိုင်ငံရေးနှင့်စာရိတ္တပိုင်းတွင် ပါကစ္စတန် ချွတ်ခြုံကျနေဟု အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

By ANI
27 January 2023
နိုင်ငံရေးနှင့်စာရိတ္တပိုင်းတွင် ပါကစ္စတန် ချွတ်ခြုံကျနေဟု အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

ပါကစ္စတန် အထက်လွှတ်တော်အမတ်ဟောင်း မူစတာဖာ နာဝက်ဇ်ခိုခါက ပါကစ္စတန်သည် နိုင်ငံရေးနှင့်  အကျင့်စာရိတ္တအရ ချွတ်ခြုံကျနေပြီဟု ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့ကြောင်း The News International သတင်းတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ဟာ နိုင်ငံရေးအရရော အကျင့်စာရိတ္တပိုင်းမှာပါ ချွတ်ခြုံကျလာခဲ့ပါပြီ။ အခုခေတ်မှာတောင် တိုင်းပြည်အတွက် လိုအပ်နေတဲ့ အမှန်တရားကို လူတွေက မပြောကြတော့ဘူး" ဟု ကတ်တာမြို့တွင် ပြုလုပ်သော ဒုတိယအကြိမ် နိုင်ငံရေးဆွေးနွေးပွဲတွင် ခိုခါက ပြောကြားခဲ့သည်။
ခိုခါ ဦးဆောင်ပြုလုပ်သော ညီလာခံသည် ပါကစ္စတန်၏ ပြဿနာများကို ဖော်ထုတ်ရန်နှင့် အဖြေရှာရန် ရည်ရွယ်သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ခေါင်းဆောင် မစ်ဖ်တက် အစ္စမေတို့လည်း ညီလာခံသို့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးကို ဘာလိုချီစတန် ငြိမ်းချမ်းရေးဖိုရမ်မှ စီစဉ်ခြင်းဖြစ်ကြောင်း ပါကစ္စတန်အခြေစိုက် The News International သတင်းစာက ဖော်ပြသည်။
ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ခေါင်းဆောင်ဟောင်းက ပါကစ္စတန်ပြည်သူများနှင့် နိုင်ငံရေးပါတီများအကြား ဆက်ဆံရေး ပျက်စီးသွားကြောင်း ပြောကြားခဲ့သည်။ ပနားမားစာတမ်းနှင့် Toshakhana ဖြစ်စဉ် (ဝန်ကြီးချုပ် ဟောင်း အီမရန်ခန်းထံ ပြည်ပနိုင်ငံများက ပေးအပ်သည့် လက်ဆောင်များ၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရန် သက်ဆိုင်ရာအစိုးရဌာနက ငြင်းဆန်မှု) ကဲ့သို့သော မသက်ဆိုင်သော နိုင်ငံရေး ဟောပြောချက်များတွင် ပါဝင်နေခြင်းထက် ပြည်သူများ၏ ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ပနားမားစာတမ်းနဲ့ တိုရှာခါနာကိစ္စမှာ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် လူတွေရဲ့ ပြဿနာက ဘယ်မှာလဲ။ တစ်စုံတစ်ယောက်က တိုင်းပြည်ကနေ မထွက်ရင် တောင်တွေပေါ်ဆီ သွားရတော့မယ့် အခြေအနေ ရောက်သွားပြီ” ဟု ခိုခါက ပြောကြားခဲ့သည်။ အာဏာရှင်များသည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်သည့်အခါ ဒီမိုကရေစီအနှစ်သာရ ပျောက်ဆုံးသွားသည်ဟု ဆိုသည်။

“လူ့အခွင့်အရေးတွေကို တာဝန်ယူဖြေရှင်းဖို့ တရားရုံးတွေကို တာဝန်ပေးထားပေမယ့် သူတို့ကလည်း နှုတ်ဆိတ်နေပြီး ပြဿနာတွေကို ဂရုမစိုက်ဘူး။ လူ့အဖွဲ့အစည်းက ပြိုကွဲနေတယ်” ဟု ခိုခါက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly