ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်း  ပိုမိုဆိုးရွာလာ

By ANI
27 January 2023
ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်း  ပိုမိုဆိုးရွာလာ

ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးသောအခြေအနေသို့ ရောက်ရှိလာသည်။ ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP) ရှိ နိုင်ငံခြားငွေ အရန်ငွေများသည် မကြာသေးမီက အနိမ့်ဆုံးအဆင့်ဖြစ်သော အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ ဘီလီယံအထိ ကျဆင်းခဲ့ပြီး သွင်းကုန်ဝယ်ယူမှုအတွက် သီတင်း ၂ ပတ်စာမျှသာ ကျန်ရှိတော့သည်။ ထိုသို့ဖြစ်ရသည်မှာ နိုင်ငံရေး လူတန်းစား၏ မကျွမ်းကျင်မှုနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များတွင် စစ်တပ်၏ လွန်ကဲစွာ ပါဝင်ပတ်သက်မှုကြောင့်သာ ဖြစ်ကြောင်း Financial Post တွင် ဖော်ပြထားသည်။

ပါကစ္စတန်က အာရပ်စော်ဘွားများနိုင်ငံ (UAE) ၏ ဘဏ် ၂ ခုအား ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပြန်လည်ပေးဆပ်ပြီးနောက် နိုင်ငံခြား အရန်ငွေ ကျဆင်းလာခြင်းဖြစ်သည်။ ပြည်ပနိုင်ငံများမှ ပါကစ္စတန်သို့ ငွေလွှဲမှုမှာလည်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁ ဘီလီယံသို့ ကျဆင်းသွားခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် Financial Post က ဆိုသည်။

 နိုင်ငံခြားငွေ အရန်ငွေလျော့နည်းခြင်းမှာ ပြည်သူများသည် လိုအပ်သော အခြေခံ စားသောက်ကုန်နှင့် စွမ်းအင်အရင်းအမြစ်များ မရရှိဘဲ ရှင်သန်ရုန်းကန်နေရကာ ကုန်ဈေးနှုန်းတက်လာခြင်းကြောင့် ဖြစ်သည်ဟု Financial Post က ဖော်ပြခဲ့သည်။
ယခုအခါ ပါကစ္စတန်သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ဒေါ်လာ ၆ ဘီလီယံ ချေးငွေ တစ်စိတ်တစ်ပိုင်းကို ရယူပြီးနောက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် ရင်းနှီးသော နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ တရုတ်နှင့် ယူအေအီးတို့ထံမှ ငွေကြေးအထောက်အပံ့နှင့် အကူအညီများ ရရှိရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

ပါကစ္စတန်တွင် ပြီးခဲ့သည့်နှစ် ဇွန်မှ အောက်တိုဘာအထိ ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ဇန်နဝါရီ ၁၀ ရက်က ဂျနီဗာတွင် ပြုလုပ်သည့် အလှူရှင်များညီလာခံတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရရှိခဲ့သည်။
ဆော်ဒီအာရေဗျသည် ပါကစ္စတန် နိုင်ငံတော်ဘဏ်သို့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်မည်ဟု ပြောကြားခဲ့သလို ယူအေအီးမှလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့မည်ဟု ပြောကြားခဲ့သည်။ အလားတူ တရုတ်နိုင်ငံမှ အကူအညီများကိုလည်း ပါကစ္စတန်က မျှော်လင့်နေသည်ဟု ဆိုသည်။

ယင်းဘဏ္ဍာရေးအကူအညီအားလုံးသည် ပါကစ္စတန်၏ နှစ်ရှည်အကြွေးများကို တိုးမြင့်လာစေမည့် ချေးငွေပုံစံဖြစ်သည်။ ထို့ပြင် ပါကစ္စတန်ဘဏ်များမှ ငွေပေးချေမှု နှောင့်နှေးခြင်းကြောင့် သွင်းကုန် ကုန်ပစ္စည်းများနှင့် ပို့ကုန်ငွေလွှဲစာများကို ရှင်းလင်းရာတွင် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။

ပါကစ္စတန်နိုင်ငံ စီးပွားရေးကျဆင်းရခြင်း၏ နောက်ထပ်အကြောင်းရင်းမှာ အစိုးရက လျာထားငွေထက် ကျော်သုံးခြင်း ၊ ပြည်တွင်းအရင်းအမြစ်များ တိုးတက်ရေးကို လျစ်လျူရှုခြင်းနှင့် အလွန်အကျွံသုံးစွဲခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ဆိုသည်။
"လက်တစ်ဖက်မှာ နျူကလီးယားလက်နက်ကိုင်ပြီး အခြားတစ်ဖက်က  တောင်းစားစရာ ပန်းကန်တစ်လုံး ကိုင်ထားတာဟာ ရှက်စရာပဲ" ဟု ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်က ဇန်နဝါရီ ၁၄ ရက်က  အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်ဟု Financial Post တွင် ဖော်ပြထားသည်။

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI)ပါတီအဖွဲ့များသည် လမ်းပေါ်ထွက်ဆန္ဒပြကာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်အောင်ပြုလုပ်ခြင်းဖြင့် အချိန်ဖြုန်းသည်ဟု  ရှရစ်ဖ်က အပြစ်တင်ခဲ့သည်။ သို့သော် ယင်းသို့သော နိုင်ငံရေးအငြင်းပွားမှုများသည် ပါကစ္စတန်ကို အကျပ်အတည်းမှ ကယ်တင်နိုင်မည် မဟုတ်ကြောင်း Financial Post က မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly