ဆင်းဒ်အမျိုးသားရေးဝါဒကို တည်ထောင်သူ၏ ၁၁၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ချီတက်လမ်းလျှောက်ပွဲများ ပြုလုပ် 

By ANI
27 January 2023
ဆင်းဒ်အမျိုးသားရေးဝါဒကို တည်ထောင်သူ၏ ၁၁၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ချီတက်လမ်းလျှောက်ပွဲများ ပြုလုပ် 

ပါကစ္စတန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်သောနှိမ်နင်းမှုများရှိနေသည့်အကြားက ဆင်းဒ် တက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ခုဖြစ်သော (JSFM) အပါအဝင်  လွတ်လပ်မှုထောက်ခံသော ဆင်ဓီလူမျိုးစုအဖွဲ့အစည်းများက  ခေတ်သစ်ဆင်းဒ်အမျိုးသားရေးဝါဒကို ထူထောင်သူ စိန်ဂျီအမ်ဆာယက်၏ ၁၁၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆင်းန်ဒ်ပြည်နယ်ဒေသအသီးသီးတွင် ဇန်နဝါရီ ၁၇  ရက်က  ချီတက်လမ်းလျှောက်ပွဲများ ပြုလုပ်ခဲ့ကြသည်။

ဂျီအမ်ဆာယက်၏ မွေးရပ်မြေ ဆန်းမြို့သို့ ငြိမ်းချမ်းစွာ ချီတက်လာသော JSFM အဖွဲ့ယာဉ်တန်းကို တားဆီးရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြု၍ ပစ်ခတ်ခဲ့ရာ  လူအများအပြား ဒဏ်ရာရရှိခဲ့သည်။
ဆင်းဒ်ဝါဒကို နှစ်သက်သော ထောင်ပေါင်းများစွာသော မိသားစုများသည် ၎င်းတို့၏ ကလေးငယ်များနှင့်အတူ ဆင်းဒ်ပြည်နယ်ရှိ  မြို့အသီးသီးမှ ကားများ၊ ဘတ်စ်ကားများဖြင့် လိုက်ပါခဲ့ကြသည်။

မြို့အသီးသီးမှ ထွက်ခွာလာသော JSFM ယာဉ်တန်းများတွင် "တရုတ် အလိုမရှိ၊ တရုတ် ထွက်သွား"၊ "CPEC စင်္ကြံစီမံကိန်း အလိုမရှိ"၊ "တိုင်းတပါးသားတွေ ဆင်းဒ်ပြည်နယ်က  ထွက်သွား" စသည့် ဆိုင်းဘုတ်များနှင့် ဆင်းဒ်အလံတို့ကို ကိုင်ဆောင်၍ စီတန်းလှည့်လည်ခဲ့ကြသည်။
အဓမ္မပျောက်ဆုံးသွားသော ဆင်းဒ်နှင့်ဘာလို့ချ်လူမျိုးအလုပ်သမားများကို ပြန်လည်လွှတ်ပေးရန်၊ ဆင်းဒ်နှင့်ဟိန္ဒူ မိန်းကလေးများကို အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းခြင်းမှ ရပ်တန့်ရန် ကြွေးကြော်ခဲ့ကြသည်။

JSFM ယာဉ်တန်းသည် အတားအဆီးများကို ထိုးဖောက်ကာ ဆင်းဒ်ပြည်နယ်မှ ဆန်ရှာရာဒါဒူသို့ ခရီးနှင်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီးများသည် ကလေးငယ်များနှင့်အတူ ၎င်းတို့ ချစ်ခင်လေးစားသော ခေါင်းဆောင်၏ အုတ်ဂူတွင် ပန်းခွေချကာ ဂါရဝပြုခဲ့သည်။ ထို့နောက် ဆင်းဒူဒက်ရှ်နိုင်ငံတော်သီချင်းကို သီဆို၍ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။
ထို့အပြင် ဆင်းဒ်လွတ်လပ်‌ရေးလှုပ်ရှားမှု ဗဟိုဥက္ကဋ္ဌ ဆိုဟေးလ် အဘရို၊ ဒုဥက္ကဌ ဇူဘိုင်း ဆင်ဒီ၊ အထွေထွေအတွင်းရေးမှူး ဂူလန်ဟူစိန်ရှာဘရာနီတို့က နိုင်ငံတော်တိုက်ခိုက်မှုသည် နိုင်ငံရေးဗဟိုချက် ဖြစ်သော ဆင်းဒ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် သမိုင်းတွင် အမှောင်လွှမ်းသောနေ့တစ်နေ့အဖြစ် အမှတ်ရနေမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

"ဆင်ဓီလူမျိုးများအပေါ် ယနေ့အချိန်တွင် ပါကစ္စတန်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆင်းဒ်ပြည်သူများက အချိန်တန်လျှင် တုံ့ပြန်သွားမည်" ဟု ဆိုဟေးလ် အဘရိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆန်းမြို့နှင့် အလုပ်သမားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုသည် ဆင်းဒ်ပြည်နယ်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု JSFM ဗဟိုခေါင်းဆောင်များက ထပ်လောင်းပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly