တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မူဝါဒများသည် အန္တရာယ်များကြောင်း ဂျပန်ဗိုလ်ချုပ်ကြီးဟောင်း သတိပေး

By ANI
27 January 2023
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မူဝါဒများသည် အန္တရာယ်များကြောင်း ဂျပန်ဗိုလ်ချုပ်ကြီးဟောင်း သတိပေး

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရှေ့နောက်မညီညွတ်သော မူဝါဒများသည် အန္တရာယ်များပြီး အစိုးရအဖွဲ့တွင်လည်း သစ္စာခံများနှင့် ပြည့်နှက်နေကြောင်း ဂျပန်ဗိုလ်ချုပ်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်ဟု Nikkei Asia က ဖော်ပြလိုက်သည်။

တရုတ်၏ လတ်တလော မူဝါဒများနှင့်ပတ်သက်ပြီး ဂျပန်ဗိုလ်ချုပ်ကြီးဟောင်း ကိုအိချိအီဆိုဘေးက “တရုတ်ရဲ့ လတ်တလော မူဝါဒတွေက အတော်လေးကို ရှေ့နောက်မညီညွတ်ပါဘူး။” ဟု ပြောကြားခဲ့သည်။
“သစ္စာခံတွေနဲ့ ပြည့်နှက်နေတဲ့ ခေါင်းဆောင်မှုအသစ်အောက်မှာ အကြိတ်အနယ်ဆွေးနွေးမှုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပေါင်းစုံကို စဉ်းစားမှုတွေနဲ့ ပတ်သက်ပြီး မေခွန်းထုတ်စရာရှိနေပါတယ်။ ရှီက မူဝါဒအဆိုပြုချက်အမျိုးမျိုးကို နားထောင်ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်ချတာလား။ ဒီလိုနည်းလမ်းမျိုးတွေ မလုပ်ဘူးဆိုရင်တော့ အန္တရာယ်ရှိပါတယ်” ဟု ဗိုလ်ချုပ်ကြီးဟောင်းက ပြောသည်။

အီဆိုဘေးသည် အနာဂတ်ကာကွယ်ရေးစွမ်းရည်အတွက် လမ်းပြမြေပုံ ဖြစ်သည့် ဂျပန်နိုင်ငံတော်ကာကွယ်ရေး အစီအစဉ်လမ်းညွှန်ချက်များကို ချမှတ်ရာတွင် ပါဝင်သူဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ တစ်ပါတီအုပ်ချုပ်မှုကာလအတွင်း ၎င်းတို့က ရှီ၏လုပ်ရပ် မှားယွင်းကြောင်းကို မည်သည့်အခါမှ ဝန်မခံခဲ့ကြောင်း ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်ဟု Nikkei Asia က ဖော်ပြလိုက်သည်။

“ရွှေပြည်အေးဝါဒက အလုပ်မဖြစ်တာကြောင့် ဟန့်တားမှုတွေ လိုအပ်ပါတယ်။ တရုတ်က အားနည်းချက်ရှိတဲ့အရာမှန်သမျှအပေါ် အခွင့်ကောင်းယူပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အနောက်နိုင်ငံများက တရုတ်အား ပြင်းထန်သောသတင်းစကားများ အဆက်မပြတ် ပေးပို့ရန်လိုကြောင်းလည်း ၎င်းက အကြံပြုခဲ့သည်။ "ထိုင်ဝမ်ရေလက်ကြားကို ကျူးကျော်ရင် အနောက်နိုင်ငံတွေက မဆိုင်းမတွ အရေးယူ လိမ့်မယ်ဆိုတာ ရှီက နားလည်ထားရပါမယ်။ ဟန့်တားမှုတွေ ရှိရပါမယ်" ဟု ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly