တရုတ်အစိုးရက ဒီအင်န်အေ အစုလိုက်အပြုံလိုက်စုဆောင်းမှုကို အဝေးရောက်တိဗက်လူမျိုးများ ရှုတ်ချ

By ANI
27 January 2023
တရုတ်အစိုးရက ဒီအင်န်အေ အစုလိုက်အပြုံလိုက်စုဆောင်းမှုကို အဝေးရောက်တိဗက်လူမျိုးများ ရှုတ်ချ

တိဗက်လူမျိုးများဆီမှ ဒီအန်အေ အစုလိုက်အပြုံလိုက်စုဆောင်းမှုကို အဝေးရောက်တိဗက်လူမျိုးများက ရှုတ်ချ ခဲ့ပြီး စုဆောင်းရာတွင် အထောက်အကူဖြစ်စေသော နည်းပညာများပံ့ပိုးသည့် နိုင်ငံတကာကုမ္ပဏီများတွင်လည်း တာဝန်ရှိကြောင်း ပြောကြားလိုက်သည်။

"တိဗက်မှာ ကလေးငယ်တွေ အပါအဝင် ဒီအင်န်အေ အစုလိုက်အပြုံလိုက် အတင်းအကျပ်စုဆောင်းနေတယ်လို့ ကြားသိရတာ စိတ်မကောင်းစရာပါပဲ။” ဟု ANI နှင့် တွေ့ဆုံမြေးမြန်းခန်းတွင် အဝေးရောက် တိဗက်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တန်ဇင်းလက်ခ်ရှေးက ပြောကြားခဲ့သည်။
တိဗက်လူမျိုးများ၏ သဘောဆန္ဒမပါဘဲ ဒီအင်န်အေအစုလိုက်အပြုံလိုက် စုဆောင်းမှုနှင့်ပတ်သက်၍ အစီရင်ခံစာ များစွာ ထွက်ပေါ်လျက်ရှိသည်။

“စောင့်ကြည့်ရေး ရည်ရွယ်ချက်အတွက် ဒီအင်န်အေနမူနာအများစုကို အချက်အလက်ဘဏ်မှာ စုဆောင်းတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒါကြောင့် ဒီအင်န်အေနမူနာတွေ အစုလိုက်အပြုံလိုက် စုဆောင်းတာကို ရှုတ်ချပြီး တိဗက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကမ္ဘာ့နိုင်ငံတွေက တွေ့မြင်သင့်ပါတယ်” ဟုတန်ဇင်းက ပြောသည်။

အဝေးရောက်တိဗက်လွှတ်တော်၏ ဒု-ဥက္ကဋ္ဌ ဒိုလ်မာဆာရင်းက တရုတ်သည် ပိုမိုတင်းကျပ်သော ထောက်လှမ်းမှုများလုပ်ဆောင်ရန် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှစ၍ ဒီအင်န်အေအချက်အလက်များကို စုဆောင်းနေကြောင်း ပြောကြားခဲ့သည်။
တိဗက်လူငယ်ကွန်ဂရက်ဥက္ကဋ္ဌ ဂွမ်ပိုဒွန်ဒပ်က ဒီအန်အေအစုလိုက်အပြုံလိုက် စုဆောင်းမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

တိဗက်၌ တရားမဝင်သောလုပ်ရပ်များလုပ်ဆောင်နေသည့် တရုတ်အား ဟန့်တားရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကူအညီပေးရန် ဂွမ်ပိုဒွန်ဒပ်က တိုက်တွန်းခဲ့သည်။

အမေရိကန်အခြေစိုက် Thermo Fisher Scientific ကုမ္ပဏီသည် ဒီအင်န်အေစုဆောင်းမှုအတွက် စက်ကိရိယာများ ထောက်ပံ့ပေးနေပြီး တိဗက်ရှိ လူမဆန်သည့် လုပ်ရပ်များအတွက် ကုမ္ပဏီတွင်လည်း တာဝန်ရှိနေသည်။
တိဗက်ရှိ လူနည်းစုတိုင်းရင်းသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများသည် တစ်ဟုန်ထိုးမြင့်တက်လာကြောင်း Citizen Lab ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly