ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ခွင့်ပြန်မလျှောက်ပါက ပါတီအလိုအလျောက်ပျက်မည်ဟု စစ်ကောင်စီပြဌာန်း

By 001(မဇ္စျိမ)
27 January 2023
ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ခွင့်ပြန်မလျှောက်ပါက ပါတီအလိုအလျောက်ပျက်မည်ဟု စစ်ကောင်စီပြဌာန်း

မဇ္စျိမ။ ။ နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း ၆၀အတွင်း ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေတွင် ပြဌာန်းထားသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထားသောဥပဒေတွင် ဉပဒေပြဌာန်းသည့်နေ့မှစပြီး ရက်ပေါင်း ၆၀အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့်ပြန်မလျှောက်ပါက အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် ပါတီတည်ထောင်လိုသူများအနေဖြင့် ပုဒ်မ ၅ ပါ သတ်မှတ်ချက်များကိုတင်ပြပြီး ပုဒ်မ ၆တွင် ဖော်ပြထားသည့် အချက် ခြောက်ချက်ကို ခံဝန်ချက်ရေးထိုးရမည်ဟုလည်း ပါရှိသည်။

ပုဒ်မ ၆ တွင် (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ) တရားဉပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ဂ) ဖွဲ့စည်းပုံအခြေခံဉပဒေကို လေးစားလိုက်နာရေး၊(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံဆော်မှု မပြုလုပ်ရေး၊ (င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊ (စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူသုံးစွဲခြင်း၊ သို့မဟုတ် ယင်းတို့၏ ဩဇာခံယူခြင်းမပြုရေး စသည့်အချက်များ ပါဝင်သည်။

ထို့အပြင် ပါတီတည်ထောင်လိုသူများအနေဖြင့် နိုင်ငံသားဖြစ်ခြင်း၊ အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊ သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း၊ ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း စသည့်အချက်များဖြစ်ရမည်ဟု ပြဌာန်းထားသည်။

နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်သောအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရက်ကျူးလွန်သည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဉပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ်အားပေးကူညီခြင်းပြုသည့်အဖွဲ့အစည်းဝင် မဟုတ်ရကြောင်းလည်း ဖော်ပြထားသည်။

ယင်းအပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် ငြိစွန်းသူ မဟုတ်ခြင်း၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူမဟုတ်ခြင်း ဖြစ်ရမည်ဟု ပြဌာန်းထားသည်။

အဆိုပါ ဉပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး တစ်သိန်းကို စည်းရုံးရမည်ဖြစ်ပြီး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင် အထောက်အထားပြရမည်ဖြစ်သည်။ မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်ရမည်ဖြစ်​ကြောင်းလည်း သိရသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်နှင့် ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက်အထားပြရမည်ဖြစ်ကာ တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ငါးမြို့နယ်တွင် ပါတီရုံးခန်းဖွင့်ရမည်ဟု သတ်မှတ်ထားသည်။

ယခု ဉပဒေပါပြဌာန်းချက်များကို ဆောင်ရွက်ရာတွင် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးပြတ်ဖြစ်စေရမည်ဖြစ်ပြီး မည်သည့်တရားရုံးတွင်မျှ တရားစွဲပိုင်ခွင့်မရှိဟု ပြဌာန်းထားသည်။

အာဏာသိမ်းစစ်​ကောင်စီက ကျင်းပမည့် အတုအ​​​​ယောင်​ရွေး​ကောက်ပွဲကို ပူး​ပေါင်းပါဝင်ခြင်းမပြုရန် ​တော်လှန်​ရေးအင်အားစုများကတိုက်တွန်းထားပြီး ပြီးခဲ့သည့်​ရွေး​ကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် NLDပါတီကလည်း စစ်​ကောင်စီ​ရွေး​ကောက်ပွဲကို အသိအမှတ်မပြု​ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required