စစ်ကောင်စီကို နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ

By 001(မဇ္စျိမ)
27 January 2023
စစ်ကောင်စီကို နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ

မဇ္စျိမ။ ။တရားမဝင် စစ်ကောင်စီကို ပံ့ပိုးကူညီနေကြသည့် နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်ရှိကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Justice For Myanmar ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

စစ်အုပ်စုကို နိုင်ငံရေး(သို့မဟုတ်)ငွေကြေးအထောက်အပံ့ပေးမှုများတွင် ပါဝင်ပတ်သက်သည့် နိုင်ငံတ ကာ အစိုးရ ၂၂ ခု၊ နိုင်ငံတာအစိုးရအဖွဲ့အစည်း ၂၆ ခု (ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့အပါအဝင်)၊ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းရှစ်ဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း ရှစ်ဖွဲ့တို့ပါဝင်ကြောင်း သိရသည်။

ထိုအထဲတွင် စစ်အုပ်စုက နိုင်ငံရေးဆိုင်ရာပံ့ပိုးမှုများကို တရုတ်နှင့် ရုရှားနိုင်ငံတို့ဆီက သိသာစွာတိုးမြှင့် ရရှိခဲ့ပြီး ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့က ပုံစံမျိုးစုံနှင့် ပံ့ပိုးမှုများ ပေးနေသော အရေးပါသည့် ပံ့ပိုးသူများအဖြစ် ထွက်ပေါ်လာကြောင်း၊ ဩစတြေးလျနှင့် နော်ဝေအစိုးရတို့ကလည်း စစ်တပ်ဆက်နွယ်ဟိုတယ်များတွင် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ကို သုံးစွဲထားကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းအများစုက စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူဖြစ်စေသည့် ရန်ပုံငွေနှင့် အရင်းအမြစ်များစီးဆင်းမှုကို အဆုံးသတ်ရန် အနည်းငယ်သာ လုပ်ဆောင်ထားခြင်း သို့မဟုတ် လုံးဝလုပ်ဆောင်မှုမရှိသည်ကိုတွေ့ရကြောင်း JFM ၏ ပြောရေးဆိုခွင့် ရှိသူ မရတနာမောင်က ပြောသည်။

“နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာ ကနေ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲနေတာတွေအဆုံး စစ်အုပ်စုအတွက် ပံပိုးကူညီမှုပုံစံအားလုံးဟာ လက်ခံနိုင်စရာ မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

စစ်အုပ်စုကို အဓိကပံ့ပိုးသည့် အမျိုးအစားလေးမျိုးမှာ နိုင်ငံတကာဖိုရမ်များတွင် မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ်ချက်များချမှတ်နိုင်အောင် တရားဝင်မှုပေးအပ်သည့် လုပ်ရပ်များကတဆင့်နိုင်ငံရေးဆိုင်ရာပံ့ပိုးမှု၊ အသိပညာနှင့် ကျွမ်းကျင်မှုများလွှဲပြောင်းပေးမှု၊ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုနှင့် စစ်တပ်နှင့်ဆက်နွယ်သည့် ပိုင်ဆိုင်မှုပစ္စည်းများငှားရမ်းမှုတို့ဖြစ်ကြောင်း ဆိုထားသည်။

အစီရင်ခံစာတွင် ဖော်ပြထားသည့် အဖွဲ့အစည်းများထဲက ၁၃ ဖွဲ့မှာမူ စစ်အုပ်စုအတွက် ၎င်းတို့၏ ပံ့ပိုးမှု များကိုရပ်တန့်ရန် အရေးယူဆောင်ရွက်မှုများကို မကြာသေးမီကလုပ်ဆောင်ထားကြောင်းလည်း သိရ သည်။

စစ်အုပ်စုကို ပံ့ပိုးကူညီသည့်အဖွဲ့အစည်းများအနေဖြင့် ဉပဒေကြောင်းဆိုင်ရာအကျိုးဆက်များ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေများကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေကသာ လျှင် နိုင်ငံတကာအစည်းအဝေးတွေကို ဖိတ်ကြားသင့်တဲ့ မြန်မာနိုင်ငံရဲ့တရားဝင်ကိုယ်စားပြုသူတွေဖြစ် ပါတယ်။ မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေးဆိုင်ရာဆက်နွှယ်မှုအားလုံးကို ဖြတ်တောက်ရမှာဖြစ်ပြီး စစ်အုပ်စု၊ သူရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ အပေါင်းအပါတွေအပေါ် ကမ္ဘာလုံးဆိုင်ရာနဲ့နိုင်ငံချင်းအလိုက် ပစ်မှတ် ထားဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က တိုက်တွန်းသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required