တရုတ်ခရုဆန်ခေါက်ဆွဲကို ထိုင်ဝမ်ဈေးကွက်မှ ဖယ်ရှား

By CNA
26 January 2023
တရုတ်ခရုဆန်ခေါက်ဆွဲကို ထိုင်ဝမ်ဈေးကွက်မှ ဖယ်ရှား

ထိုင်ဝမ်က တရုတ်ခရုဆန်ခေါက်ဆွဲ တင်သွင်းခွင့်ကို ခွင့်မပြုတော့ဘဲ လက်လီစတိုးဆိုင်များနှင့် အွန်လိုင်းဆိုင် များမှ ယင်းထုတ်ကုန်များကို ဖယ်ရှားရမည်ဖြစ်ကြောင်း စီးပွားရေးရေးရာဝန်ကြီး ဝမ်မေဟွာက ဇန်နဝါရီလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်က ထိုင်ဝမ်ပြည်တွင်းဈေးကွက်သို့ ခရုဆန်ခေါက်ဆွဲရောင်းချခြင်းဖြင့် ထိုးဖောက်နေကြောင်း ထိုင်ဝမ် လွတ်လပ်ရေးလိုလားသော ထိုင်ဝမ်နိုင်ငံတော်တည်ဆောက်ရေးပါတီ (TSP) ၏ စွပ်စွဲချက်အပေါ် ဝမ်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
တရုတ်ထုတ်ဆန်ခေါက်ဆွဲများကို ထိုင်ဝမ်သို့ တင်သွင်းခွင့်မပြုကြောင်းနှင့် တရုတ်ခရုဆန်ခေါက်ဆွဲများကို တခြားအမည်ဖြင့် ခိုးသွင်းသည်ဖြစ်စေ၊ တင်သွင်းသည်ဖြစ်စေ ယင်းတို့သည် တရားမဝင်ခြင်းကြောင့် လက်လီ ရောင်းချခွင့်မပြုနိုင်ကြောင်း ဝမ်က လွှတ်တော်ကြားနာပွဲမစမီ မီဒီယာများသို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် ရောင်းချနေသည့် တရုတ်ခရုဆန်ခေါက်ဆွဲအားလုံးကို ဖယ်ရှားရန် ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၆ ရက်တွင် နှစ်ဖက်ဌာနများကို အစည်းဝေးခေါ်ခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။
တရုတ်မှ ခိုးသွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းမိပါက ဒဏ်ငွေရိုက်မည်ဖြစ်ပြီး မှောင်ခိုတင်သွင်းမှုတိုက်ဖျက်ရေး အက်ဥပဒေအရ သိမ်းဆည်းမည်ဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုဗျူရိုက ပြောသည်။

ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်သူများ၏ လုပ်ငန်းများကို ၂ လမှ ၁ နှစ်အထိ ဆိုင်းငံ့ခြင်း၊ ထိုင်ဝမ်နယ်မြေနှင့် ပြည်မကြီးဒေသ အုပ်ချုပ်သူများအကြား ဆက်ဆံရေးအက်ဥပဒေနှင့်အညီ ကုမ္ပဏီမှတ်ပုံတင်မှုများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ဗျူရိုက ပြောကြားခဲ့သည်။
လူစည်ကားသော လက်လီဆိုင်များဖြစ်သည့် Cosmed၊ FamilyMart နှင့် Shopee တို့တွင် ယင်းခေါက်ဆွဲကို တွေ့ရလေ့ရှိခြင်းကြောင့် ထိုင်ဝမ်လက်လီအရောင်းဆိုင်များမှ ဖယ်ရှားရန် အစိုးရကို တိုက်တွန်းထားသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖမ်းဆီးရမိမှု ၇၉၁ မှုတွင် တရုတ်ခရုဆန်ခေါက်ဆွဲ ၈ ၄၀ဝ ကီလိုဂရမ်ကို နယ်စပ်တွင် ကြားဖြတ်သိမ်းဆည်းရမိခဲ့ပြီး မှောင်ခိုသမားများကို ဒဏ်ရိုက်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ပြောကြားခဲ့ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly