အာဖဂန်လူ့အခွင့်အရေးကာကွယ်သူ ၉၀ ရာခိုင်နှုန်း အကြမ်းဖက်ခံရမှုများအကြားတွင် အကြောက်တရားဖြင့်နေရ

By ANI 
26 January 2023
အာဖဂန်လူ့အခွင့်အရေးကာကွယ်သူ ၉၀ ရာခိုင်နှုန်း အကြမ်းဖက်ခံရမှုများအကြားတွင် အကြောက်တရားဖြင့်နေရ

စစ်ဒဏ်ခံနေရသည့် အာဖဂန်နစ္စတန်နိုင်ငံမှ ပြည်သူများသည် စိန်ခေါ်မှုများလှသည့် ဘဝတွင် ဆက်နေထိုင်နေရပြီး လူ့အခွင့်အရေး ကာကွယ်သူ ၉၀ ရာခိုင်နှုန်းထက်မနည်းက အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေ့ခဲ့ကြရသည်ဟု အမေရိကန်အခြေစိုက်အဖွဲ့အစည်းဖြစ်သည့် Freedom House က ထုတ်ပြန်သော အာဖဂန်နစ္စတန်လူ့အခွင့်အရေးအခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်ရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၆၆၃ ဦးကို ၂၀၂၂ ခုနှစ် မေလမှ ဇွန်လအတွင်း စစ်တမ်းကောက်ယူခဲ့ရာ တာလီဘန်အစိုးရလက်ထက်တွင် ၎င်းတို့ တွေ့ကြုံခံစားရသည့် ဆိုးရွားသည့် အခြေအနေများကို ထုတ်ဖော်ပြောပြခဲ့ကြသည်ဟု TOLO News သတင်းတွင် ဖော်ပြထားသည်။
အာဖဂန်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် နိုင်ငံတွင်း၌ နေသည်ဖြစ်စေ ပြည်ပသို့ထွက်ပြေးသည်ဖြစ်စေ အကြောက်တရားနှင့် ရင်ဆိုင်နေကြရပြီး စိန်ခေါ်မှုကြီးများကို ကြုံတွေ့နေရသည် ဟု Freedom House အကြီးအကဲ မိုက်ကယ်အေဗရာမိုဝှစ်ဇ်က ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုမိုလွတ်လပ်မျှတတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို တည်ထောင်ဖို့ ဒီတက်ကြွလှုပ်ရှားသူတွေရဲ့ မမောနိုင်မပန်းနိုင် ကြိုးပမ်းမှုတွေအပေါ် နှစ်ဆတိုး ပံ့ပိုးပေးရပါမယ်” ဟု ၎င်းက ဆက်ပြောသည်။ 
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ လုပ်ဆောင်ချက်များသည် နိုင်ငံကို အုပ်ချုပ်နေသည့် အာဏာပိုင်များ၏ လုပ်ရပ်များကို စောင့်ကြည့်ရန် မရှိမဖြစ် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုထားသည်။

တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ပြန်လည်မထိန်းချုပ်မီက အာဖဂန်သည် အမျိုးသမီးများ၊ ဘာသာရေးလူနည်းစုများနှင့် အပယ်ခံလူမှုအသိုင်းအဝိုင်းများအပါအဝင် အာဖဂန်နိုင်ငံသားအားလုံး၏ အခွင့်အရေးနှင့် အကာအကွယ်ပေးရေးကို ထောက်ပံ့ကူညီသည့်အုပ်စုများနှင့် ပုဂ္ဂိုလ်အများအပြားနေထိုင်ရာ နိုင်ငံဖြစ်ကြောင်း Freedom House အစီရင်ခံစာက ဆိုသည်။
“လူ့အဖွဲ့အစည်းတိုင်း တရားမျှတမှု ရှိစေဖို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ လိုအပ်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟု ဥပဒေရေးရာ လေ့လာသုံးသပ်သူ အဇစ်မာရစ်ဂျ်က TOLO News သို့ ပြောကြားခဲ့သည်။ 

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့်နှစ်က တာလီဘန်အာဏာရလာပြီးနောက် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် လူ့အခွင့်အရေးအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ တာလီဘန်များက အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို တုံ့ပြန်သည့်စနစ်ကို မဖော်ဆောင်ခြင်း၊ အမျိုးသမီးများ ကျန်းမာရေးစောင့်ရှောက်မှုမလုပ်နိုင်စေရန် တားဆီးခြင်း ၊ အမျိုးသမီး အကူအညီပေးရေးဝန်ထမ်းများ အလုပ်မဆင်းရန် တားမြစ်ခြင်းနှင့် အမျိုးသမီး အခွင့်အရေး ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

နိုင်ငံတွင်းမှ အမေရိကန်တပ်များ ဆုတ်ခွာသွားခြင်းနှင့်အတူ အကြမ်းဖက်မှုအများအပြား ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတစ်ဝန်း နိုင်ငံရေးမရေရာမှုများ ဖြစ်ပေါ်လျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly