တရုတ်အိမ်ခြံမြေသူဌေးကြီး ဟွေကာရန် ကြွယ်ဝချမ်းသာမှု ၉၃ ရာခိုင်နှုန်း ဆုံးရှုံး 

By ANI 
26 January 2023
တရုတ်အိမ်ခြံမြေသူဌေးကြီး ဟွေကာရန် ကြွယ်ဝချမ်းသာမှု ၉၃ ရာခိုင်နှုန်း ဆုံးရှုံး 

တရုတ်နိုင်ငံ၏ အမြတ်အစွန်းများခဲ့သည့် အိမ်ခြံမြေဈေးကွက်မှာ ဆက်လက်နှေးကွေးနေပြီး ရုန်းကန်နေရသော တရုတ်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အဲဗားဂရန်း (Evergrande) အုပ်စု ဥက္ကဋ္ဌ ဟွေကာရန်၏ ချမ်းသာကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံမှ ၃ ဘီလီယံအထိ ကျဆင်းသွားကြောင်း Sydney Morning Herald (SMH) သတင်းတွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် နိုင်ငံရေးအထက်တန်းလွှာကို ပေါင်းကူးပေးကာ တစ်ချိန်က တရုတ်နိုင်ငံ၏ အချမ်းသာဆုံးနှင့် သြဇာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် ဟွေသည် ချမ်းသာကြွယ်ဝမှု ၉၃ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ကြောင်း Bloomberg ဘီလျံနာအညွှန်းကိန်းတွင် ဖော်ပြထားသည်။
အာရှတွင် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည့် တရုတ် Evergrande အုပ်စု ဥက္ကဋ္ဌ၏ ကြွယ်ဝမှုမှာ သိသိသာသာ ကျဆင်းသွားသည်နှင့်အမျှ ဟွေသည် နိုင်ငံရေးအရ အထီးကျန်ဆန်လာသည်ကို တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံ (CPPCC) တွင် မပါဝင်နိုင်ခဲ့ခြင်းက အချက်ပြနေသည်။  

CPPCC သည် အစိုးရအရာရှိများနှင့် စီးပွားရေးအရ နာမည်အကြီးဆုံးပုဂ္ဂိုလ်များပါဝင်သည့် အထက်တန်းလွှာအဖွဲ့တစ်ခုဖြစ်သည်။ ဟွေကာရန်သည် ၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံရေးအကြံပေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်ကတည်းက အမြဲတမ်းကော်မတီဝင် ၃၀၀ တွင် ပါဝင်ခဲ့သော်လည်း ၎င်း၏ပိုင်ဆိုင်မှုများသည် နိုင်ငံ၏ကြွေးမြီအကျပ်အတည်းတွင် ဆုံးရှုံးမှုအများဆုံးဖြစ်လာသောကြောင့် ယမန်နှစ်က နှစ်စဉ်ညီလာခံသို့ မတက်ရောက်ရန် ဖိအားပေးတားမြစ်ခံခဲ့ရကြောင်း Sydney Morning Herald (SMH) သတင်းတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၈ ရက်ကထုတ်ပြန်ခဲ့သည့် လာမည့် ၅ နှစ်အတွက် CPPCC ကို ဖွဲ့စည်းမည့် အပြီးသတ် လူစာရင်းတွင် ဟွေကာရန် မပါဝင်ပေ။

CPPCC အဖွဲ့ဝင်အသစ်များသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များမှသည် ဥပဒေသစ်များနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်အားလုံးကို ဆွေးနွေးမည့် ၁၄ ကြိမ်မြောက် နိုင်ငံတော်အဆင့် ကော်မတီအစည်းအဝေးကို တက်ရောက်ရန် မတ်လတွင် ပေကျင်းမြို့သို့ သွားရောက်မည်ဖြစ်သည်။
"CPPCC သည် နိုင်ငံအတွက် သစ္စာရှိသော စီးပွားရေးသမားများအား တရုတ်နိုင်ငံမှ ပေးအပ်သည့် ဂုဏ်ထူးဆောင်ဆုနှင့် တူသည်" ဟု တရုတ်နိုင်ငံရေးအကြောင်း စာအုပ်များစွာရေးခဲ့သည့် ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဝီလီလမ်က ပြောကြားခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်သည် စီးပွားရေးချဲ့ထွင်မှုကို ခြိမ်းခြောက်နေသည့် နှစ်ရှည်အိမ်ခြံမြေအကျပ်အတည်းအကြား  မျက်နှာသာအပေးမခံရတော့သည့် အိမ်ခြံမြေလုပ်ငန်းရှင်များအပေါ် တရုတ်၏ ပြောင်းလဲလာသော သဘောထားကို ထင်ဟပ်ပြသနေသည်။
ချမ်းသာကြွယ်ဝမှုကို မျှဝေရန်ဖြစ်သော သမ္မတ ရှီကျင့်ဖျင်၏ ဘုံသာယာဝပြောရေး ရည်မှန်းချက်ကြောင့်  လုပ်ငန်းအများအပြား ပြိုလဲသွားသည်။ အိမ်ခြံမြေကဏ္ဍတွင် ကြွေးမြီကိုထိန်းချုပ်ရန် တင်းကျပ်သော  မျဉ်းနီသုံးကြောင်း (three red lines)မူဝါဒကို ချမှတ်ခဲ့ခြင်းကြောင့် ဘဏ်များ၊ ယုံကြည်အပ်နှံမှုဆိုင်ရာကုမ္ပဏီများနှင့် သန်းပေါင်းများစွာသော အိမ်ပိုင်ရှင်များကို ထိခိုက်စေသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

ထို့ပြင် တင်းကျပ်သည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ၂ နှစ်ကြာ စည်းမျဉ်းတင်းကျပ် ဖြိုခွင်းမှုများ၏ အကျိုးဆက်ကြောင့် တရုတ်သူဌေးကြီးများသည် ဆယ်စုနှစ် ၂ ခုကျော်အတွင်း ချမ်းသာကြွယ်ဝမှုများ သိသိသာသာကျဆင်းသွားသည်။
Evergrande သည် ၂၀၂၁ ခုနှစ်တွင် ချေးငွေပြန်ဆပ်ရန် ပထမဆုံး ပျက်ကွက်ခဲ့ပြီး ပြန်မဆပ်နိုင်သည့် ကြွေးမြီ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော်ရှိသည်။
တရုတ်နိုင်ငံ၏ အချမ်းသာဆုံး သူဌေးကြီး ၅ ဦးသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း Bloomberg ၏ ကြွယ်ဝမှုအညွှန်းကိန်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly