သိမ်ဇရပ်တွင် ပြည်သူများအား KNU/PDF များခြိမ်းခြောက်ဟု သတင်းမှားဖြန့်

By ဂျူချန်း
26 January 2023
သိမ်ဇရပ်တွင် ပြည်သူများအား KNU/PDF များခြိမ်းခြောက်ဟု သတင်းမှားဖြန့်

မဇ္ဈိမ ။    ။မွန်ပြည်နယ်၊ သိမ်ဇရမ်မြို့ ဝင်းကံကျေးရွာ ဘုန်းကြီးကျောင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ရောက်ရှိလာကာ ပြည်သူများအား သေနတ်ထောက် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဆိုသော သတင်း ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“ကိုသက်” အမည်ရှိဖေ့ဘုတ်အကောင့်မှ စတင်၍ “တရားမျှတရွေးကောက်ပွဲနှင့် သူပုန်” ဟုရေးသားကာ မွန်ပြည်နယ် သိမ်ဇရပ်မြို့ ဝင်းကံကျေးရွာဘုန်းကြီးကျောင်းတွင် KNU ၊ PDF များမှ ပြည်သူများကို သေနတ်ထောက်ကာ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း၊ နကစမှပြုလုပ်မည့်ရွေးကောက်ပွဲတွင် ဆန္ဒ ပြရန်နှင့် သန်းခေါင်စာရင်းကောက်ခံမှုများကိုမပူးပေါင်းရန် ခြိမ်းခြောက်ကြောင်း ပုံနှင့်တကွ ဖြန့်ဝေထား သည်။ 
ယင်းပိုစ့်ကို ဖြန့်ဝေသူ ၁၀၀ ကျော်နေပြီး တယ်လီဂရမ်တွင်လည်း ချန်နယ် ၁၁ ခုမှ ဖြန့်ဝေနေပြီး ကြည့်ရှုသူများပြားလျက်ရှိနေသည်။ 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ သတင်းတုတွင် အသုံးပြုထားသည့်ပုံသည် ၂၀၂၂ ခုနှစ် မတ်လတွင် သံလွင်တိုင်းမ်သတင်းမီဒီယာမှ သတင်းတင်ဆက်မှုတွင် အသုံးပြုထားသည့် ပုံဟောင်းဖြစ် သည်။ လင့် - t.ly/B-q1

ယင်းဖြစ်စဉ်နဲ့ပတ်သက်၍ သိမ်ဇရပ်ရှိဒေသခံတစ်ဦးက “သွားလာနေကြတာတော့ရှိပေမယ့် ပြောဆိုခြိမ်း ခြောက်တာတော့ လုံးဝမရှိခဲ့ပါဘူး။ ရွာသားတွေကို ဘယ်သူ့ကမှလည်း မခြိမ်းခြောက်ဖူးသလို သေနတ်နဲ့ လည်းမပစ်ဖူးဘူး။ ရွာသားတွေနဲ့လည်း အဆင်ပြေကြပါတယ်။ တခါတလေ ဘုန်းကြီးကျောင်းထဲဝင်ပြီး သွားလာ ထမင်းစားတာမျိုးလည်း ရှိပါတယ်။ ကျနော်ဒီရောက်နေတာ နှစ်နှစ်ရှိပြီ အဲဒီနှစ်နှစ်အတော အတွင်း ဒီလိုဖြစ်စဉ်မျိုး မျက်မြင်မတွေ့ဖူးပါဘူး” ဟု ဆိုသည်။ 

သထုံခရိုင် တပ်မဟာ (၁) PDF တာဝန်ရှိသူတစ်ဦးအား ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြိမ်းခြာက်သည့် ဖြစ်စဉ် ရှိ/မရှိ မေးမြန်းရာတွင်  “အမှန်တော့ ဒီဟာတွေကို ကျနော်တို့က ပြောစရာတောင်မလိုဘူး။ ပွင့် လင်းမြင်သာတဲ့ခေတ်ကို ရောက်နေပြီ။ ပြည်သူတွေက သူတို့ဘာသာသူတို့ အသိတရားရှိနေပြီလေ။ ပြည်သူတွေကိုယ်တိုင်က သူတို့(စကစ)နဲ့ ပေါင်းဖို့လည်း အစီအစဉ်မရှိကြပါဘူး။ သူတို့(စကစ)တွေ ကတော့ သိတဲ့အတိုင်း သတင်းအမျိုးမျိုးလုပ်နေတာ။ ပြည်သူနဲ့ ကျနော်တို့ကြားကို သွေးခွဲနေတာ။ ကျနော်တို့ကလည်း သတိထားပြီးတော့ကို ဆက်ဆံနေရတယ်။ ကျနော်တို့ ပုံမှန်ရွာထဲ တပ်ဖွဲ့အလိုက် ဝင်လေ့မရှိပါဘူး။ စစ်ကောင်စီက ဝင်းကံရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ပြီးတဲ့ခါကျရင်တော့ ကျနော်တို့ KNU/KNLA ‌တို့နဲ့ပေါင်းပြီး ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်တာပဲရှိပါတယ်။ အဲဒီလိုသေနတ်နဲ့ခြိမ်းခြောက် တာတွေကို ကျနော်တို့ ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး။ KNU/KNLA ကလည်း လုပ်မှာမဟုတ်ပါဘူး” ဟု ဆိုသည်။ 

ထို့ကြောင့် KNU/PDF များမှ မွန်ပြည်နယ် သိမ်ဇရပ်တွင် ပြည်သူကို သေနတ်ထောက် ခြိမ်းခြောက် မှုများပြုလုပ်ခဲ့သည်ဆိုသည့်ဖြစ်စဉ်မရှိခဲ့ဘဲ စစ်ကောင်စီ၏ ဝါဒဖြန့်လော်ဘီများမှ ပြည်သူနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်များကြား သွေးကွဲစေရန် လုပ်ကြံဖန်တီးထားသည့် သတင်းတုတစ်ပုဒ်သာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။   ။စောဖေ

#Misinformation_Buster
#Fake_News
#သိမ်ဇရပ်၊မွန်ပြည်နယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required