တရုတ်အစိုးရအကြိုက် လုပ်မပေးရန် ထိုင်ဝမ်သမ္မတဖြစ်လာနိုင်သူ သတိပေး

By The Guardian
25 January 2023
တရုတ်အစိုးရအကြိုက် လုပ်မပေးရန် ထိုင်ဝမ်သမ္မတဖြစ်လာနိုင်သူ သတိပေး

တရုတ်အစိုးရကို ကျေနပ်နှစ်သက်အောင်လုပ်ဆောင်ခြင်းသည်   ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းးမပေးနိုင်ကြောင်း  လာမည့်ရွေးကောက်ပွဲတွင် သမ္မတနေရာယှဉ်ပြိုင်နိုင်စေမည့်အရွေ့ဖြစ်သော အာဏာရပါတီအကြီးအကဲအဖြစ် ရွေးချယ်ခံထားရသည့် ထိုင်ဝမ်ဒုတိယသမ္မတ ဝီလျံလိုင်က ပြောကြားလိုက်သည်။

သမ္မတစိုင်အင်ဝမ်သည်  ၂၀၂၄ ခုနှစ် မေလတွင် ဒုတိယ ၄ နှစ် သမ္မတသက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ဆက်ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ ၎င်း၏  နေရာကို အသက် ၆၃ နှစ်ရှိ ဝီလျံလိုင်က ဆက်ခံဖွယ်ရှိသည်။
လိုင်သည် ထိုင်ဝမ်လွတ်လပ်ရေးနှင့်ပတ်သက်၍ စိုင်အင်ဝမ်ထက် ပြတ်ပြတ်သားသား ပြောဆိုလေ့ရှိသောကြောင့် တရုတ်က လိုင်အား မနှစ်မြို့ပေ ။

 
“ကျေအေးအေးပေးတာက ငြိမ်းချမ်းရေး မရနိုင်ပါဘူး” ဟု ဒီမိုကရက်တစ် တိုးတက်ရေးပါတီခေါင်းဆောင် အဖြစ် စတင် တာဝန်ယူပြီးနောက် လိုင်က ဇန်နဝါရီ ၁၈ ရက်တွင် တရုတ်နှင့်ပတ်သက်ပြီး ပထမဆုံးမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
လိုင်က တရုတ်အာဏာရှင်စနစ်ချဲ့ထွင်မှုကို ရင်ဆိုင်ရာတွင် စည်းလုံးညီညွတ်ရန် ထိုင်ဝမ်ပြည်သူများကို တိုက်တွန်းခဲ့ပြီး  အားလုံးစည်းလုံးပြီး ကာကွယ်ရေးစွမ်းရည်များ အားကောင်းမှသာလျှင် မိမိတို့၏ လုံခြုံရေးကို အမှန်တကယ် ကာကွယ်နိုင်မည်ဟု ပြောခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သည် တရုတ်ကျူးကျော်မည့်အန္တရာယ်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကာ တရုတ်က ထိုင်ဝမ်ကို ၎င်းပိုင်နက်၏အစိတ်အပိုင်းဖြစ်ကြောင်းနှင့် လိုအပ်ပါက အင်အားသုံး၍ တစ်နေ့နေ့တွင် သိမ်းယူမည်ဟု ပြောဆိုထားသည်။
စိုင်အင်ဝမ်သည် ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲ၌ သမ္မတဖြစ်လာခဲ့ကာ ထိုင်ဝမ်အား ပိုင်နက်အဖြစ် ရှုမြင်သော တရုတ်၏ တည်ချက်ကို ပယ်ချခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး ဖိအားများကို အရှိန်မြှင့်လုပ်ဆောင်သည်။
ထိုင်ဝမ်၏ တရားဝင်လွတ်လပ်ရေးကြေညာရန် လှုပ်ရှားမှုတိုင်းသည် စစ်ရေးအရ တုံ့ပြန်မှုကို ဖြစ်လာစေလိမ့်မည်ဟု တရုတ်ကပြောသည်။ 

ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်နေပြီဖြစ်သောကြောင့် လွတ်လပ်ရေးကြေညာရန် မလိုအပ်ကြောင်း စိုင်အင်ဝမ်၏ ယခင်ပြောကြားချက်များကို သံယောင်လိုက်ကာ လိုင်က ဇန်နဝါရီ ၁၈ တွင် ထပ်မံပြောဆိုခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly