ထိုင်ဝမ်အပေါ် ဉာဏ်ရည်တု စစ်ပွဲဆင်နွှဲရန် တရုတ် စီစဉ်နေ

By ANI 
25 January 2023
ထိုင်ဝမ်အပေါ် ဉာဏ်ရည်တု စစ်ပွဲဆင်နွှဲရန် တရုတ် စီစဉ်နေ

ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်လာသည့်အတွက် တရုတ်နိုင်ငံသည် မဟာဗျူဟာကို နောက်တစ်ဆင့်မြှင့်တင်ရန် သတင်းအချက်အလက်နှင့် ဉာဏ်ရည်တုကိုအသုံးပြုသည့် စစ်ဆင်ရေးကိုအခြေခံ၍ ထိုင်ဝမ်အပေါ် ဉာဏ်ရည်တု (AI) စစ်ပွဲဆင်နွှဲရန် စီစဉ်နေကြောင်း ဂါဘရီရယ်ဟွန်ရာဒါက Asia Times တွင် ရေးသားထားသည်။

တရုတ်စစ်တပ်ကျွမ်းကျင်ပညာရှင်များသည် အဆင့်မြင့် ကြားဖြတ်ဟန့်တားမှု သဘောတရားများကို စူးစမ်းလေ့လာလျက်ရှိပြီး ဗျူဟာမြောက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လွှမ်းမိုးမှုရရှိရေးအတွက်  တရုတ်၏ ဉာဏ်ရည်တုနှင့် နည်းဗျူဟာနှင့်စစ်ဆင်ရေးဆိုင်ရာအဆင့်များမှ  ထွက်ပေါ်လာသောအခြား နည်းပညာများကို အသုံးချတွင် အရေးပါသည့် အဆင့်မြှင့်တင်မှုကို ပြုလုပ်နေသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ရှိ အမေရိကန်နှင့် လွတ်လပ်ရေးလိုလားသောအဖွဲ့များကို ဟန့်တားရန်နှင့် ထိုင်ဝမ်တစ်ဝိုက် စစ်ရေးလေ့ကျင့်မှုများကို တားဆီးရန်  AI နည်းပညာနှင့် အခြားသော နည်းပညာများကို အသုံးပြုသင့်သည်ဟု Cross-Strait Taiwan Studies တွင် ထိုင်ဝမ်လေ့လာရေး ရှန်ဟိုင်းတက္ကသိုလ်မှ ဒုတိယညွှန်ကြားရေးမှူး နီယောင်ကျဲ့က မှတ်ချက်ပြုခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြခဲ့သည်။

အဆင့်မြင့် ကြားဖြတ်ဟန့်တားမှု (smart deterrence) နည်းပညာကို တရုတ်စစ်တပ်အသိုင်းအဝိုင်းတွင် လေ့လာထားပြီးဖြစ်ကြောင်း နီယောင်ကျဲ့က ရေးသားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်တရုတ်ကို ပိုင်းခြားထားသည့် အလယ်မျဉ်းကို ကျော်လွန်၍ စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်သင့်ကြောင်းနှင့် ထိုင်ဝမ်ရေပိုင်နက် အခြေခံမျဉ်းသို့ ချဉ်းကပ်ပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ဖြတ်တောက်ခြင်းများ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နျူကလီးယားနှင့် သမားရိုးကျ ကြားဖြတ်ဟန့်တားမှုများအပြင် ဤကဲ့သို့ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်းသည် ထိုင်ဝမ်၏ လွတ်လပ်ရေးနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေမည်ဟုလည်း နီယောင်ကျဲ့က ဆိုသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်အတွက် ရေရှည် လိုက်လျောညီထွေရှိသော မဟာဗျူဟာကို ချမှတ်ခဲ့သည်။ ထိုဗျူဟာတွင် ခြိမ်းခြောက်မှုအဆင့် တိုးမြှင့်လျက် ဟန့်တားမှုသက်ရောက်သော စစ်ရေးလေ့ကျင့်မှုများ အခါအားလျော်စွာ ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ထို့ပြင် ကြီးမားသော စစ်ရေးလေ့ကျင့်မှုမှန်သမျှသည် လျင်မြန်စွာ လက်တွေ့အကောင်အထည်ပေါ်လာနိုင်ပြီး ထိုင်ဝမ်အား ငတ်မွတ်ခေါင်းပါးသည်အထိ အကန့်အသတ်မရှိ ပိတ်ဆို့ခြင်းဖြင့် လက်အောက်ခံဖြစ်လာစေနိုင်သည်  ဟု ၎င်းက ပြောကြားခဲ့သည်။ 
ထိုင်ဝမ်၏ ရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်မှုများအပြင် တောင်တရုတ်ပင်လယ်ရှိ စပရက်တလေကျွန်းများနှင့် ထိုင်ဝမ်ကထိန်းချုပ်ထားသည့် ဒေါင်ရှားကျွန်းများတွင်လည်း အလားတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သင့် ကြောင်း နီယောင်ကျဲ့က ပြောကြားခဲ့သည်။
ထိုင်ဝမ်မှ လွတ်လပ်ရေးကြေညာခြင်းကို ဟန့်တားရန် စစ်ရေးနှင့် စီးပွားရေးခြိမ်းခြောက်မှု သက်သက်ဖြင့် မလုံလောက်သည့်အတွက် တရုတ်၏ မဟာဗျူဟာ သဘောတရားတွင်  Smart deterrence ကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။

လွတ်လပ်ရေးကြေညာပါက ပြင်းထန်သော စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များ ကြုံတွေ့ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ထိုင်ဝမ်ကို ခြိမ်းခြောက်နေသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း တရုတ်နှင့်ပေါင်းစည်းရေးထက် ထိုင်ဝမ်သားများကို လွတ်လပ်ရေးကြိုးပမ်းမှု မလုပ်ဆောင်အောင် စည်းရုံးနိုင်စွမ်းမရှိသေးကြောင်း Asia Times တွင်‌ ဖော်ပြထားသည်။
သတင်းအချက်အလက်နှင့် ဉာဏ်ရည်ကိုအသုံးပြုသည့် စစ်ပွဲများအပါအဝင် တရုတ်နိုင်ငံသည် စစ်ရေးဗျူဟာမြောက်နှင့်စစ်ဆင်ရေးဆိုင်ရာ အယူအဆများစွာကို ဖန်တီးတီထွင်ခဲ့သော်လည်း ၁၉၇၉ တရုတ်-ဗီယက်နမ်စစ်ပွဲနောက်ပိုင်း သမားရိုးကျစစ်ပွဲကို မဆင်နွှဲရသေးကြောင်း Asia Times တွင် ယခင်က ဖော်ပြခဲ့ဖူးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly