အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအခွင့်အရေး  ကုလဒုတိယအကြီးအကဲ ဆွေးနွေး 

By  Reuters
25 January 2023
အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများအခွင့်အရေး  ကုလဒုတိယအကြီးအကဲ ဆွေးနွေး 

တာလီဘန်အာဏာပိုင်များက အမျိုးသမီးအကူအညီပေးရေးဝန်ထမ်းအများစုကို အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အထက်တန်းကျောင်းနှင့် တက္ကသိုလ်တက်ရောက်ခွင့်ကို တားမြစ်ခဲ့ပြီးနောက် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်သည် အာဖဂန်နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီးနှင့် ဇန်နဝါရီလ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

အမီနာ မိုဟာမက်သည် အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်ရန်၊ အတူရပ်တည်ကြောင်းပြသရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ရန် နည်းလမ်းများကို ဆွေးနွေးရန်  ကုလသမဂ္ဂဝန်ထမ်းများ၊ အကူအညီပေးရေးအဖွဲ့များ၊ အာဖဂန်အမျိုးသမီးများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က နယူးယောက်တွင် ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲများတွင် မိုဟာမက်က အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် လူ့အခွင့်အရေးကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အမျိုးသမီးအကူအညီပေးရေးဝန်ထမ်းများကို တားမြစ်ထားမှုများ ကင်းလွတ်ခွင့်များရသဖြင့် စိတ်သက်သာရခဲ့ကြောင်း ပြောကြားခဲ့သည်။ ကင်းလွတ်ခွင့်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော နယ်ပယ်များတွင် လုပ်ငန်းအချို့ ပြန်လည်စတင်နေပြီဖြစ်သည်။

မိုဟာမက်သည် “အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း အလေးပေးပြောကြားခဲ့သည်” ဟု ဖာဟန်ဟက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
မိုဟာမက်သည် ကဘူးလ်ခရီးစဉ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အခြေအနေများကို ဆွေးနွေးရန် တူရကီ၊ ကာတာနှင့် ပါကစ္စတန်နိုင်ငံတို့မှ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး “အမျိုးသမီးနှင့် မိန်းကလေးများ အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ကြားခွင့်ဆိုင်ရာ ကိစ္စရပ်အပေါ် ရှင်းလင်းပြတ်သားသော ဘုံသဘောတူညီချက် ရရှိခဲ့သည်” ဟု ဖာဟန်ဟက်က ပြောကြားခဲ့သည်။ 

မိုဟာမက်သည် မည်သည့်တာလီဘန်အစိုးရတာဝန်ရှိသူနှင့် တွေ့ဆုံခဲ့ကြောင်း ဖာဟန်ဟတ်က မပြောသော်လည်း ယာယီနိုင်ငံခြားရေးဝန်ကြီး အမီးရ်ခန်းမတ်တာကီနှင့် တွေ့ဆုံခဲ့ကြောင်း အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ခဲ့သည်။
တာလီဘန်အစိုးရအား တရားဝင်အသိအမှတ်မပြုခြင်း၊ တာလီဘန်ခေါင်းဆောင်များအပေါ် ခရီးသွားလာမှု ကန့်သတ်ချက်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့အရေးယူမှုများသည် အခြားနိုင်ငံများက ကိုင်တွယ်ဖြေရှင်းသင့်သည့် ပြဿနာများဖြစ်ကြောင်းနှင့်  အမျိုးသမီးများသည် ကျန်းမာရေးနှင့် ပညာရေးတွင် အလုပ်လုပ်ကိုင်နိုင်ကြောင်း မတ်တာကီက ပြောကြားခဲ့သည်။ 

တာလီဘန်အစိုးရသည် အမျိုးသမီးများအား တက္ကသိုလ်တက်ခွင့် ပိတ်ပင်ပြီးနောက် ရက်ပိုင်းအကြာ၌ ပြည်တွင်းပြည်ပ အကူအညီပေးရေးအဖွဲ့များတွင် အလုပ်မလုပ်ရန် ဒီဇင်ဘာလ ၂၄ ရက်က အမိန့်ထုတ်ခဲ့သည်။ အချို့သော အမျိုးသမီးများသည် အစ္စလာမ်ဝတ်စားဆင်ယင်မှုကို လိုက်နာခြင်းမရှိသောကြောင့် အဆိုပါစည်းမျဉ်းများသည် ကျိုးကြောင်းဆီလျော်ကြောင်း တာလီဘန်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂနှင့်စာချုပ်များချုပ်ဆိုကာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို လုပ်ဆောင်နေသူအချို့ပါဝင်သော အကူအညီပေးရေးအဖွဲ့အများအပြားသည် အဆိုပါ တားမြစ်မိန့်ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly