ပင်းတယမြို့ မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် စစ်ကောင်စီတပ်က စခန်းချပြီး ပျူသင်တန်းဖွင့်နေ

By ဂျူနို
24 January 2023
ပင်းတယမြို့ မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် စစ်ကောင်စီတပ်က စခန်းချပြီး ပျူသင်တန်းဖွင့်နေ

(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ မိုးကုတ် တရားရိပ်သာတွင် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၂ ရက်မှစတင်ကာ ပျူစောထီး စစ်သင်တန်း တစ်ခု စတင်နေကြောင်းသိရသည်။

မိုးကုတ်ဝိပဿနာတရားရိပ်သာကို ဒေါက်တာအရှင်အဂ္ဂဉာဏ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် (ရန်ကုန်) က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်ပျံလွန်တော်မူပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း စစ်တပ်မှအထိုင်ချတပ်စွဲ စခန်းချပြီး ပျူသင်တန်းဖွင့်နေခြင်းဟု သိရသည်။

“ ခုလုပ်နေတဲ့ ပျူစောထီးသင်တန်းမှာ လူအင်အား ၅၀ ခန့်ရှိတယ်။ ညောင်ကောက်ရွာက ၁၁ ယောက်၊ ဖနန်ရွာက သုံးယောက်၊ အုံအက်ရွာက ခုနစ်ယောက်၊ ပိန္နဲကုန်းက နှစ်ယောက်နဲ့ ကျန်တာက ရွာငံမြို့နယ်ဘက်က လူတွေပါ။ သင်တန်းက တစ်ပတ်တဲ့ဗျ ” ဟု ပင်းတယမြို့ခံ တစ်ဦးက ပြောသည်။

ပျူစောထီးသင်တန်း တက်ရောက်နေကြသူများကို ပင်းတယမြို့၊ ညောင်ကောက်ရွာမှ ဦး၀င်းမောင်နှင့် ကံသာရွာမှ ကို၀င်းဇော်တို့မှ ဦးဆောင်၍ လိုက်လံစည်းရုံးပေးနေခြင်းဟု ရွာသားတစ်ဦးက မဇ္စျိမသို့ပြောသည်။

ဓနုဒေသ ရွာငံ၊ ပင်းတယ နှစ်မြို့နယ်မှ ရွာသားများကို စစ်ကောင်စီက ပျူစောထီးများအဖြစ် စစ်သင်တန်းပေး၍ ၎င်းတို့တပ်သားများနေရာတွင် အစားထိုးရန်ပြင်ဆင်နေခြင်းဟု သိရသည်။

လက်ရှိ ပျူစောထီးများကို စစ်ဆေးရေးဂိတ်များတွင် ဂိတ်စောင့်သော်လည်းကောင်း၊ လမ်းပိုင်းလုံခြုံရေးအမည်ခံ ရှောင်တခင်စစ်ဆေး၊ ငွေကောက်ခံခြင်းများတွင်လည်းကောင်း အသုံးပြုနေကြောင်း သိရသည်။

စာတည်း ။ ။ စိုးသူအောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ပင်းတယ
#မိုးကုတ်တရားရိပ်သာ
#ပျူစောထီး
#သင်တန်း
#စစ်တပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required