လိမ်လည်ခံရပြီး မြန်မာတွင် ချုပ်နှောင်ခံရသည့် မလေးရှား အလုပ်အကိုင်ရှာဖွေသူက ကြုံတွေ့ခဲ့ရသည်များ ပြန်ပြောင်းပြောဆို

လိမ်လည်ခံရပြီး မြန်မာတွင် ချုပ်နှောင်ခံရသည့် မလေးရှား အလုပ်အကိုင်ရှာဖွေသူက ကြုံတွေ့ခဲ့ရသည်များ ပြန်ပြောင်းပြောဆို

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်က အသက် ၂၀ အရွယ် အလုပ်ရှာဖွေသူတစ်ဦးသည် စက်တင်ဘာလအတွင်း၌ မြန်မာနိုင်ငံက အလုပ်ရှာဖွေပေးမည်ဆိုသူများ၏ သွေးဆောင်ခေါ်ယူခံရကာ အကျဉ်းကျသလို ထားရှိခံရပြီး ကြွက်နှင့် ဝက်သားများ အတင်းအကျပ် စားခိုင်းခြင်းကို ခံခဲ့ရကြောင်း ပြန်ပြောင်းပြောဆိုသည်။

ဘာတူ ပါဟတ်အရပ်မှ မိုဟာမတ် ဖာဟန် အက်ဇ်မန်းသည် အခြားသော မလေးရှားနိုင်ငံသား ၁၅ ဦးနှင်အတူ ထောင်ကဲ့သို့သော အဆောက်အအုံတွင် ထိန်းသိမ်းထားရှိခံခဲ့ရသည့် ၎င်း ကြုံတွေ့ခဲ့ရသည်များကို မလေးရှားနေ့စဉ် Berita Harian သတင်းစာသို့ ပြောဆိုခြင်း ဖြစ်သည်။ အဆိုပါ အလုပ်ပေးမည်ဆိုသော အဖွဲ့သည် စင်ကာပူ၌ ဝင်ငွေကောင်းသော ဟိုတယ်အလုပ် လုပ်ကိုင်ရမည်ဆိုကာ ၎င်းနှင့် သူငယ်ချင်း လေးဦးကို သွေးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၁၃ ရက်တွင် ၎င်းတို့သည် ဘန်ကောက်သို့ ထွက်ခွာခဲ့ကြပြီး ဟိုတယ်တစ်ခု၌ တစ်ညအိပ်ရကာ မြန်မာနှင့် နယ်စပ်အနီးက စိုက်ပျိုးမြေဧရိယာတစ်ခုဆီ ကားဖြင့် ပို့ဆောင်ခံခဲ့ရသည်။

“အဲဒီမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျွန်တော်တို့တွေ စပြီး ထင်လာတယ်၊ အချို့ဆိုရင် ရောင်းစားခံရပြီလို့တောင် ပြောကြတယ်၊ မြစ်တစ်မြစ်ဆီရောက်တော့ အမျိုးသားအုပ်စုတစ်စုက ကျွန်တော်တို့ကို လှေတစ်စီးပေါ် အတင်းတက်ခိုင်းတယ်”ဟု မိုဟာမတ် ဖာဟန်က ပြောသည်။

“မိနစ် ၂၀ လောက် သွားပြီးတဲ့နောက်မှာ စစ်ဝတ်စုံတွေနဲ့ လက်နက်ကိုင် စောင့်ဆိုင်းနေတဲ့ လူတွေဆီ ကျွန်တော်တို့ ရောက်သွားတယ်၊ သူတို့တွေက ကျွန်တော်တို့ကို ဘီးလေးဘီးတပ်ယာဉ်တွေပေါ် တက်ခိုင်းကြတယ်”ဟု ၎င်းက သတင်းစာသို့ ပြောသည်။

မြန်မာမြောက်ပိုင်း တစ်နေရာသို့ နောက်ဆုံး ပို့ဆောင်ခံရသော ဖာဟန်သည် မကြာသေးခင်ကမှ ကယ်တင်ခံရကာ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။

ဖာဟန်နှင့် သူငယ်ချင်းများအနေဖြင့် အလုပ်ရမည်ဆိုသော စင်ကာပူထက် ဘန်ကောက်သို့ မည်သည့်အတွက် သွားကြရသည်ကို ယခု သတင်း၌ ရှင်းပြဖော်ပြထားခြင်း မရှိပေ။

သို့ရာတွင် မကြာသေးသော နှစ်များအတွက် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိုင်းနှင့် မလေးရှားတို့ အများအပြားအပါအဝင် အရှေ့တောင်အာရှအနှံ့မှ လူထောင်ပေါင်းများစွာသည် အလုပ်ရမည်ဆိုသော အတုအယောင်မက်လုံးဖြင့် သွေးဆောင်ခံရပြီး နောက်ဆုံး၌ အကျဉ်းချခံရသည့် အခြေအနေမျိုးသို့ ကျရောက်ခဲ့ရမှုများ ရှိနေသည်။ အများစုသည် ကမ္ဘောဒီးယားသို့ ရောက်ရှိကြပြီး အကျဉ်းသားများကဲ့သို့ ထားရှိခံရကာ တရုတ်ရာဇဝတ်အဖွဲ့များ လုပ်ကိုင်နေသော လုပ်ငန်းများတွင် အတင်းအကျပ် လုပ်ကိုင်ကြရသည်။ အဆိုပါ တရုတ်ရာဇဝတ်ဂိုဏ်းများသည် မြန်မာနယ်စပ်ဧရိယာများသို့ လုပ်ငန်းပြောင်းရွှေ့လာကြသည်ဟု Coconuts သတင်းက ဖော်ပြသည်။

ဖာဟန်နှင့် အခြားသူများသည် ဥရောပဖောက်သည်များအား ၎င်းတို့၏ ဘဏ်အကောင့်များ ရရှိရန် အရည်အသွေးနိမ့်ကုန်ပစ္စည်းတုများ ရောင်းချရကြောင်း ၎င်းက ပြောသည်။

ဝယ်သူများက ပိုက်ဆံချေရန် ကလစ်လိုက်ချိန်၌ အဆိုပါ ရာဇဝတ်ဂိုဏ်းသည် ၎င်းတို့၏ ဘဏ်အကောင့်များကို ရရှိသွားပြီး ပိုက်ဆံများကို ရယူကြခြင်းဖြစ်သည်ဟု ဖာဟန်က ဆိုသည်။

ဖာဟန်မှာ ကယ်တင်ခံရပြီး အိမ်ပြန်လာနိုင်သော်လည်း မြန်မာမြောက်ပိုင်း၌ ရှိနေသည့် KK Garden က ထောင်လို အဆောက်အအုံမျိုး၌ အခြား မလေးရှား အနည်းဆုံး ၁၅ ဦး ကျန်ရှိနေဆဲဖြစ်သည်ဟု ဖာဟန်က ပြောသည်။ မြန်မာမြောက်ပိုင်းတွင် အလားတူသော ထောင်လို ထားရှိခံရပြီး အလုပ်အတင်းအကျပ်စေခိုင်းရမှု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဒီဇင်ဘာလအတွင်းက မလေးရှားလွှတ်တော်အမတ် ဆမ်ချွမ်စီအန်းသည် ထိုသို့ ဖမ်းဆီးခံရသူများ ကိုယ်စား KK Garden သို့ သွားရောက်ခဲ့သေးသည်။  

ထိန်းသိမ်းခံရသည့် အမျိုးသမီးများမှာသည် လိင်မတော်မတရား ပြုကျင့်ခံကြရပြီး ၎င်းတို့အား စောင့်ကြပ်နေသာ လက်နက်ကိုင်များအပါအဝင် အဆိုပါ ရာဇဝတ်အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၏ လိင်ကျေးကျွန်အဖြစ် အသုံးတော်ခံရခြင်းများ ရှိနေသည်ဟု ဖာဟန်က ပြောသည်။

လိင်ခေါင်းပုံဖြတ်ခံရသည့် အသက်မပြည့်သေးသော မိန်းမငယ်လေးများပင် ရှိနေကြောင်း ဖာဟန်က ဆိုသည်။

“အခြားသူတွေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော် မသိဘူး၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ အဲဒီမှာ ရှိနေတုန်းက လေးထပ်အဆောက်အအုံဟာ သံဆူးကြိုးတွေနဲ့ ကာထားတယ်၊ အဝင်အထွက် တစ်လမ်းတည်း ရှိနေတယ်၊ တကယ့် ထောင်အတိုင်းပါပဲ”ဟု ၎င်းက ပြောသည်။ “ကျွန်တော်တို့ အုပ်စုကတော့ အသက် ၁၈ နှစ်ကနေ ၂၆ နှစ်ကြားရှိပြီး လက်နက်ကိုင်သူတွေ အနီးကပ်စောင့်နေလို့ ထွက်ပြေးလို့လည်း မရခဲ့ဘူး”ဟု ဆက်လက်ပြောသည်။

ဝင်ငွေကောင်း အလုပ်ပေးမည်ဆိုကာ မက်လုံးဖြင့် လူမှောင်ခိုအဖွဲ့များ၏ သွေးဆောင်ဖျားဖြောင်းခံရပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းကဲ့သို့သော နိုင်ငံများသို့ ရောက်ရှိနေသည့် မလေးရှားနိုင်ငံသား ၃,၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required