တရုတ်အပေါ် စိုးရိမ်မှုများ ကြီးထွားလာချိန်တွင် ထိုင်ဝမ်က အရန်အင်အားစစ်ရေးလေ့ကျင့်မှုအတွင်း အမျိုးသမီးများကို ပါဝင်ခွင့်ပြု 

By CNN
24 January 2023
တရုတ်အပေါ် စိုးရိမ်မှုများ ကြီးထွားလာချိန်တွင် ထိုင်ဝမ်က အရန်အင်အားစစ်ရေးလေ့ကျင့်မှုအတွင်း အမျိုးသမီးများကို ပါဝင်ခွင့်ပြု 

ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်အပေါ်  တရုတ်နိုင်ငံက စစ်ရေးဖိအား ဆက်ပေးနေစဉ်မှာ ထိုင်ဝမ်စစ်တပ်က အရန်အင်အားစစ်ရေးလေ့ကျင့်မှုတွင် စေတနာ့ဝန်ထမ်းအဖြစ် အမျိုးသမီးများကို ပထမဆုံးအကြိမ် ပါဝင်ခွင့်ပြုမည့် အစီအစဉ်ကို  ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်လိုက်သည်။

ယခုနှစ် ဒုတိယသုံးလပတ်တွင်စတင်မည့် စစ်ရေးလေ့ကျင့်မှုတွင် အမျိုးသမီးစစ်သည် ၂၂၀ ကို လက်ခံသွားမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဝန်ကြီးဌာန၏ စစ်စည်းရုံးရေးဌာနမှ ဗိုလ်ချုပ် ယုဝမ်ချန်းက အဆိုပါလှုပ်ရှားမှုသည် ယခုနှစ်အတွက် စမ်းသပ်လုပ်ဆောင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးသားနှင့် အမျိုးသမီးစစ်သည် နှစ်မျိုးလုံးကို လေ့ကျင့်ပေးရန် လုံလောက်သည့် တပ်ဖွဲ့အင်အား မရှိသောကြောင့် အမျိုးသားအရန်တပ်ဖွဲ့ဝင်များကိုသာ လေ့ကျင့်ပေးခဲ့ကြောင်း ယခင်က ပြောကြားခဲ့သည်။ အရန်တပ်ဖွဲ့သင်တန်းမှ အမျိုးသမီးများကို ဖယ်ထုတ်ခြင်းသည် ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ထိုင်ဝမ်လွှတ်တော်အမတ်များက ဝေဖန်ထားသည်။

ထိုင်ဝမ်က  အမျိုးသားများ မဖြစ်မနေစစ်မှုထမ်းရမည့် ကာလကို ၂၀၂၄ ခုနှစ်မှ စတင်၍ ၄ လမှ ၁ နှစ်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ဒီဇင်ဘာလတွင် ကြေညာခဲ့ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် မွေးဖွားသော အမျိုးသားများအတွက် အကျုံးဝင်မည်ဖြစ်သည်။
ထိုင်ဝမ်တွင် စစ်အင်အား ၁၇၀ ၀၀၀ ခန့်ရှိပြီး စေတနာ့ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ အရန်တပ်သား ၁၂၀ ၀၀၀ ခန့်ကိုလည်း နှစ်စဉ် လေ့ကျင့်ပေးနေကြောင်း ဗဟိုထောက်လှမ်းရေးဌာန အချက်အလက်စာရင်း CIA World Factbook တွင် ဖော်ပြထားသည်။ အသက် ၁၈ နှစ်မှ ၃၆ နှစ်အကြား အမျိုးသားများသည် စစ်တပ်တွင် စေတနာ့ဝန်ထမ်းအဖြစ် သို့မဟုတ် အရန်တပ်ဖွဲ့ဝင်အဖြစ်   မဖြစ်မနေ တာဝန်ထမ်းဆောင်ရသည်။

စစ်မှုထမ်းဆောင်ပြီးသော အမျိုးသားများသည် ၈ နှစ်တာကာလအတွင်း စစ်ရေးလေ့ကျင့်မှု ၄ ကြိမ် ပြန်လည်လုပ်ဆောင်ရသည်။ ထိုင်ဝမ်စစ်တပ်တွင် ၂၀၂၁ ခုနှစ်အထိ အမျိုးသမီးစစ်မှုထမ်း ၁၅ ရာခိုင်နှုန်း ပါဝင်သော်လည်း အများစုမှာ တိုက်ခိုက်ရေးမဟုတ်သော အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြောင်း CIA Factbook က ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly