တရုတ်အပေါ်စိုးရိမ်မှုများကြီးထွားလာချိန်တွင် ဂျပန်နှင့်အိန္ဒိယက ပထမဆုံး လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ် 

By Bloomberg
24 January 2023
တရုတ်အပေါ်စိုးရိမ်မှုများကြီးထွားလာချိန်တွင် ဂျပန်နှင့်အိန္ဒိယက ပထမဆုံး လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ် 

တရုတ်ရန်လိုမှုကို စိုးရိမ်မှုများကြောင့် ဂျပန်နှင့် အိန္ဒိယက တခြားနိုင်ငံများနှင့်အတူ စစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်လုပ်ဆောင်နေကာ နှစ်နိုင်ငံသည် တိုကျိုမြို့ပြင်ပတွင် ပထမဆုံး လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်လိုက်သည်။
ယင်းစစ်ရေးလေ့ကျင့်မှုသည် ဇန်နဝါရီလ ၁၆ ရက်က စတင်ခဲ့ပြီး F-2 တိုက်လေယာဉ် ၄ စင်းနှင့် F-15 တိုက်လေယာဉ် ၄ စင်းခန့် ပါဝင်နိုင်ကာ တိုကျိုမြို့အရှေ့မြောက်ဘက်၊ အီဘာရာကီစီရင်စုရှိ လေတပ်စခန်းတွင် ဇန်နဝါရီလ ၂၆ ရက်အထိ လေ့ကျင့်သွားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံစလုံးသည် ယခင်က အခြားနိုင်ငံများတွင် အတူတကွ လေ့ကျင့်ခဲ့ကြသော်လည်း ယခုအကြိမ်သည် ပထမဆုံး နှစ်နိုင်ငံသီးသန့် လေ့ကျင့်မှုဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက တရုတ်ကို ဟန့်တားရေးအတွက် မဟာမိတ်များနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရန် ယခုလအတွင်းက အီတလီ၊ ဗြိတိန်၊ ကနေဒါနှင့် အမေရိကန်သို့ သွားရောက်ခဲ့ပြီးနောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်လာခြင်းဖြစ်သည်။
ဂျပန်သည် အိန္ဒိယ၊ ဩစတြေးလျနှင့် အမေရိကန်တို့ပါဝင်သော ၄ နိုင်ငံလုံခြုံရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်ရန်လိုမှုအတွက် အဟန့်အတားအဖြစ် ရှုမြင်ထားကြသည်။
အိန္ဒိယနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နယူးဒေလီ၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် လုံခြုံရေး အစည်းအဝေး၏ ရလဒ်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခေတ္တဆိုင်းငံ့ထားခဲ့ကြောင်း Kyodo News တွင် ဖော်ပြထားသည်။
အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နှင့် ဂျာမနီတို့ပြီးပါက အိန္ဒိယသည် ဂျပန်အတွက် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သည့် ပဉ္စမမြောက်နိုင်ငံဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ 
နှစ်နိုင်ငံသည် ခက်ခဲရှုပ်ထွေးသော လေကြောင်းတိုက်ခိုက်မှုလေ့ကျင့်ရေးများ ပြုလုပ်ပြီး အကောင်းဆုံး လေ့ကျင့်မှုများ ဖလှယ်ကြမည်ဟုဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly