ဇန်နဝါရီလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၈,၇၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်ပအဖထံမှ သိရသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးချီတက်လာ၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းတိုက်နယ်မှ ထုံးဘို ၊ အုန်းသဇင် ၊ ရွာစဉ်တန်းရွာတို့မှ ဒေသခံများထွက်ပြေးနေရခြင်း ဖြစ်သည်။
ထို့ပြင် ရွာသစ်ကြီးတိုက်နယ်မှ ကိုင်းပြင်၊ သုံးလင့်၊ ခုနစ်ရွာတန်း၊ ကင်းတော်၊ လယ်ပယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာစသည့် ကျေးရွာများမှ ပြည်သူများလည်း စစ်တပ်ရန်လွတ်ရာသို့ တိမ်းရှောင်နေရသည်။
“ စစ်ကြောင်းက နှစ်ခုပါ။ မင်းကွန်းတိုက်နယ်ဘက်မှာ တစ်ကြောင်းနဲ့ ရွာသစ်ကြီးတိုက်နယ်ဘက်က တစ် ကြောင်းပါ” ဟု ဟု စစ်ကိုင်းမြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။
စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၁,၀၅၀ ကျော်မှ လူဦးရေ ၈,၇၅၀ ကျော်ခန့် တိမ်းရှောင်နေရသည်။
“ရွာသစ်ကြီးတောင်ဘက်ခြမ်း သုံးလင့်ရွာက နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ကြောင်း ကတော့ ရွာတွေထဲဝင်ပြီး ပြန်မထွက်သေးဘူး။ ရွာသူ၊ ရွာသားတွေက ညောင်ပင်ဝန်းဘက် ထွက်ပြေးနေရ တယ်” ၎င်းက ဆိုသည်။
ကျေးရွာများအတွင်း စစ်ကြောင်းရှိနေသည့်အတွက် ဒေသခံများရွာအတွင်း ပြန်မဝင်နိုင်သေး၍ ပျက်စီး ဆုံးရှုံးများကို မသိရသေးဟု ပအဖ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကိုင်းမြို့နယ် အတွင်းမှ ကျေးရွာများဖြစ်ကြသည့် သုံးလင့်ရွာနှင့် မြင်းဆည်ရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။
စာတည်း ။ ။ စိုးသူအောင်
စာမူတည်းဖြတ်။ ။စောဖေ