အအေးဓာတ်လွန်ကဲနေချိန် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုအပေါ် အာဖဂန်မြို့တော်နေ ပြည်သူများ   ဒေါသထွက်

By ANI 
23 January 2023
အအေးဓာတ်လွန်ကဲနေချိန် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုအပေါ် အာဖဂန်မြို့တော်နေ ပြည်သူများ   ဒေါသထွက်

အာဖဂန်နစ္စတန် ကဘူးလ်ရှိ ဒေသခံများသည် အအေးဓာတ်လွန်ကဲမှုဒဏ်ခံစားနေရစဉ် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စိတ်ပျက်နေကြပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခ ပိုဆိုးလာကြောင်း TOLO News သတင်းတွင်  ဖော်ပြထားသည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အာဖဂန်ပြည်သူများမှာ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရပြီး ပြဿနာ ဖြေရှင်းပေးရန် အာဏာပိုင်များကို တောင်းဆိုခဲ့ကြသည်။ ဒေသခံများသည် နေ့စဉ် ၄ နာရီမှ ၅ နာရီအထိသာ လျှပ်စစ်မီး ရရှိကြပြီး လုံလောက်မှုမရှိဟု ဆိုသည်။
"ဓာတ်ငွေ့ကိုလည်း အသုံးမပြုနိုင်၊ အပူပေးစနစ်ကိုလည်း ဖွင့်မရလို့ လျှပ်စစ်မီးပြဿနာဟာ အထူးသဖြင့် မက်ခ်ရိုရာယန်ဒေသမှာ အဆိုးဆုံးဖြစ်နေတယ်” ဟု ကဘူးလ်မြို့ခံတစ်ဦးဖြစ်သူ ရှာဘားနားက ညည်းတွားခဲ့သည်။
လျှပ်စစ်မီးမရရှိသဖြင့် ပြည်သူများမှာ ရေပြတ်လပ်နေသလို့ ကဘူးလ်စက်မှုဇုန်ရှိ စက်ရုံများလည်း ထိခိုက် ရကြောင်း  စီးပွားရေးအသိုင်းအဝိုင်းက ပြောကြားခဲ့သည်။
အာဖဂန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (DABS) က အာဖဂန်နစ္စတန်ရှိ လျှပ်စစ်ဓာတ်အား ၃၀ ရာခိုင်နှုန်းထက်မနည်းသည် ပြည်တွင်း အရင်းအမြစ်များမှ ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။
"လျှပ်စစ်မီးက ၁ နာရီတောင် မရပါဘူး။ ဥဇဘက်ကစ္စတန်က ဓာတ်အားလိုင်းတွေ ပြန်မချိတ်မချင်း အပူစွမ်းအင် သုံး ဓာတ်အားအရင်းအမြစ်တွေကို အသုံးပြုသင့်ပါတယ်" ဟု စက်မှုနှင့်သတ္တုလုပ်ငန်းဆိုင်ရာ ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဆာခီ အာမက်ပေးမင်န်း၏ ပြောကြားခဲ့သည်။ 
အာဖဂနစ္စတန်မှလိုအပ်သည့် လျှပ်စစ်ဓာတ်အားအများစုကို ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် အီရန်တို့မှ တင်သွင်းရခြင်းနှင့် လက်ရှိ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် အာဖဂန်နစ္စတန်တွင် တာလီဘန် အာဏာရလာပြီးနောက်ပိုင်း သာမန်လူနေမှုဘဝများကို ဒုက္ခရောက်စေခဲ့သည်။
အာဖဂန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (DABS) ၏ လုပ်ငန်းဆောင်ရွက်မှု ညွှန်ကြားရေးမှူးက ဥဇဘက်ကစ္စတန်သည် အာဖဂန်နစ္စတန်အတွက် အဓိကလျှပ်စစ်ရောင်းချသူဖြစ်ပြီး လျှပ်စစ်မီးပျက်သည့်ပြဿနာကို မကြာမီဖြေရှင်းနိုင်မည်ဖြစ်ကြောင်း တာလီဘန်ပိုင် Bakhtar သတင်းဌာနသို့ နိုဝင်ဘာလအစောပိုင်းက ပြောကြားခဲ့သည်။
တာလီဘန်က အာဖဂန်နစ္စတန်ကို ယမန်နှစ် သြဂုတ်လက သိမ်းပိုက်ပြီးကတည်းက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။ နိုင်ငံမြောက်ပိုင်းပြည်နယ်များတွင် အကြမ်းဖက်အဖွဲ့များက ဓာတ်အားလိုင်း တာဝါတိုင်များကို အမြဲလိုလို ဖျက်ဆီးမှုကြောင့် ဓာတ်အားဖြန့်ဖြူးရေးအတွက် ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်လာကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 
အာဖဂန်နစ္စတန်သည် နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းခန့်ကို အိမ်နီးချင်းနိုင်ငံများ အဓိကအားဖြင့် ဗဟိုအာရှနိုင်ငံများမှ တင်သွင်းနေရသည်။ ဥဇဘက်ကစ္စတန်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အာဖဂန်နစ္စတန်သို့ လျှပ်စစ်ဓာတ်အားတင်သွင်းမှုကို လျှော့ချခဲ့သောကြောင့် အာဖဂန်ပြည်နယ်အများအပြားတွင် လျှပ်စစ်မီးဖြန့်ဖြူးရေးအတွက် အခက်အခဲဖြစ်ခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly