နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ ဇန်နဝါရီ ၂၀၂၃ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ ဇန်နဝါရီ ၂၀၂၃ ) 

ဇန်နဝါရီလ ၂၂ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (မန္တလေး) တပ်ဖွဲ့ဝင် ရဲဘော်များ စစ်ရေးလေ့ကျင့်နေသည့် ဓာတ်ပုံမှတ်တမ်းများထုတ်ပြန်ထားသည်။ 

  • ကုလ လုံခြုံရေးကောင်စီမှာ အကြမ်းဖက်စစ်အုပ်စုနှင့် မရပ်တည်ကြောင်းဖော်ပြမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် က တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနဲ့ အမှုလိုက်ဦးစီးဌာနက မြို့နယ်ဥပဒေ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး (အမှတ်စဥ် ၂/၂၀၂၃) အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်မနက် ၁၀ နာရီက ကျင်းပခဲ့သည်။ 

  • ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ NLD ရုံး နေအိမ်ပိုင်ရှင် ဦးကျော်လှိုင်နှင့် မိသားစုကို သတ်ဖြတ်သွားသည့် တရားခံများထဲက တစ်ယောက်ကိုဖမ်းဆီးရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ တော်လှန်ရေးအတွက်လိုအပ်သည့်ရန်ပုံငွေရှာဖွေမှု အစီအစဉ်ဖြစ် သော ရဲရင့်နွေဦးစီမံကိန်းဖြင့် ကွန်ဒိုတိုက်ခန်းများရောင်းခဲ့ရာ ၁၂ နာရီအတွင်း ကွန်ဒိုတိုက်ခန်း ၏ ၉၆ ရာခိုင် နှုန်းရောင်းချပြီးဖြစ်ကြောင်း The End of Dictatorship မှ ထုတ်ပြန်သည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဇန်နဝါရီလ ၃ ရက်နေ့က PNO ၊ စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာ PDF ရဲဘော်တစ်ဦး ကျဆုံးသွား ကြောင်း မိုးဗြဲ PDF တပ်ရင်း (၂)က ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဗုံးဖြင့်သွားရောက်တိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့ဝင် UG နှစ်ဦးကို အဆိုပါ ရုံးဘေးတွင်ရှိသော ငွေတောင်စားသောက်ဆိုင်မှဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီး ခဲ့ကြ သည်ဟု သိရသည်။ 

  • ရန်ကုန်၊ လမ်းမတာ်မြို့နယ် မော်တင်ရှိ လူကူးတံတားပေါ်တွင် YGR အဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့၌ "တရားမဝင်အတုယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။ 

  • မလေးရှားနိုင်ငံ အီပို့ မြို့၌ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲနှင့် တော်လှန်ရေး ရန်ပုံငွေ ဘောလုံးပွဲ၊ တေးဂီတဖျော်ဖြေပွဲကို အီပို့မြို့ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် အရှင် ထာ၀ရ ရွှေဝါရောင် ဖောင်ဒေးရှင်းတို့ စုပေါင်း၍ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ 

  • ကနီတွင် ကျောက်လုံးကြီး KLG PDF ရဲဘော်များက စစ်ဘေးရှောင် ပြည်သူများအား ဆန် နှင့် ဟင်းသီး၊ ဟင်းရွက်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကျေးရွာ ပအဖ ပကဖများနှင့် ပြည်သူ လူ ထုများ စုပေါင်း၍ စစ်ကောင်စီ ၏ ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဆန္ဒပြ ကန့်ကွက် ချီတက် ကြသည်။  

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် "တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

  • စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းကျေးရွာ ပအဖ ပကဖများနှင့် ပြည်သူ လူ ထုများ စုပေါင်း၍ စစ်ကောင်စီ ၏ ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဆန္ဒပြ ကန့်ကွက် ချီတက် ကြသည်။ 

  • မကွေးတိုင်း ရေစကြိုမြို့ပေါ်သို့ ကျေးရွာများမှ ဝင်ရောက်နိုင်သည့် မြို့ အဝင် ကျေးလက်လမ်းများကို စစ်တပ်နှင့် ပျူစောထီးများက ဖျက်ဆီးနေသည့် အတွက် ကျေးလက်နေပြည်သူများ ရောင်းဝယ်ရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများ အတွက် သွားလာရန်အတွက် အခက်တွေ့နေကြကြောင်း ဒေသခံများ ထံမှ သိရှိရသည်။ 

  • မကွေးတိုင်း၊ ဆင်ပေါင်ဝဲတွင် သငှားရွာ အုပ်ချုပ်‌‌ရေးမှူး မြင့်ဇော်နှင့် သတင်း ပေးဟု စွပ်စွဲခံရသူ ထိန်လင်းတို့ ကို PDF တပ်က ပစ်ခတ်ခံရာ သေဆုံး သွား ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ထုတ် စက်ရုံ ကပစ ၈ သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းခွဲခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းကိုပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ဆင်ပေါင်ဝဲမြို့နယ်)မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 

  • တောင်ကိုရီးယားနိုင်ငံတွင် နှစ်သစ်ကူး အလုပ်ပိတ်ရက် ခရီးသွားရင်း ဒို့တော်လှန် အစီအစဥ်အဖြစ် ဒယ်ဂူး ဆရာတော် ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ကယားပြည်နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလှူရှင် ကိုယ်စား ကျေးလက်မြေအဖွဲ့မှ အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ထွက်ပြေး နေရသည့် ဒေသခံများအား နေရပ်သို့ပြန်လာရန် ဖိအားပေးနေပြီး ပြန်မလာ ပါက ထပ်မံမီးရှို့ဖျက်ဆီး မည်ဟု ခြိမ်းခြောက်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ကနေ ညနေအထိ နေရာ ၅ ခုမှာ စစ်ကောင်စီ တပ်နှင့် CDF ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးကာ ၅ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နဲ့ KIA၊ PDF တို့တိုက်ပွဲဖြစ်ပွားပြီး‌ နောက် စစ်ကောင်စီတပ်သည် လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်‌ဆောင်သွားသည့် ဒေသခံ ၃ ဦး ပစ်သတ်သွားကြောင်း သိရသည်။ 
     

စစ်ကောင်စီ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် CDM ဝန်ထမ်းများကို ဖမ်းဆီးမည်ဆိုသည့် စီမံချက်ကြောင့် တိမ်းရှောင်နေကြရကြောင်း CDM ဝန်ထမ်းများကပြောသည်။ 

  • နိုင်ငံ၏ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နေခြင်းဖြစ်ပြီး အရာရှိ၊ စစ်သည် များ အနေဖြင့်ရန်သူကို နေလိုမီးလိုကျင့်ရန်နှင့် ပြည်သူကို ရေလိုလလိုကျင့်ရန်လိုကြောင်း အာဏာလုမင်းအောင်လှိုင်က သံတွဲတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံစဉ် ပြောသည်။ 

  • ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားပြိုင်ပွဲတွင် ဇန်နဝါရီလ ၂၁ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီမှထုတ်ပြန်သည်။ 

  • နိုင်ငံ့စီးပွားရေးအတိုင်းအတာတစ်ခုအထိ ပြန်လည်တိုးတက်နေပြီး မကြာခင် အာဆီယံတွင် အလယ်အလတ် အဆင့်ကို ရောက်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်ကပြောပြန်သည်။ 

  • တော်လှန်ရေးအဖွဲ့များ၏ သတင်းအချက်အလက်များကို လျှို့ဝှက်ပေးပို့ရန်အတွက် စစ်ကောင်စီ လက်အောက်ခံမီဒီယာများက နေ့စဉ်တိုက်တွန်းလျက်ရှိနေသည်။ 
     

ဇန်နဝါရီ ၂၂ ရက် သုံးသပ်ချက် 

  • မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးတွင် ရပ်ရွာများကို မီးရှို့ပြည်သူ များကို သတ်ဖြတ်နေသည်မှာ တိုင်းသိပြည်သိပင်ဖြစ်သည်။သို့သော် သံတွဲက တပ်မိသားစုတွေ့ဆုံပွဲတွင် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို ရေလို လလို ကျင့်ရန်လိုကြောင်း ပြောဆိုခြင်းသည် သူတော်ကောင်း ယောင်ဆောင်ပြီး ဗြောင်လိမ်နေလိမ်နေခြင်းဖြစ်သည်။ 

  • NUG အစိုးရမှရောင်းချသည့် မြေကွက်နှင့်အိမ်ရာများသည်အရောင်းချသည့် နာရီပိုင်းအတွင်း ၉၆ ရာခိုင်နှုန်းနီးပါးရောင်းချနိုင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ပြည်သူများအနေဖြင့် စစ်အာဏာရှင်အကြမ်း ဖက်သမားများ ကို မြန်မာမြေပေါ်မှ အမြစ်ပြတ်မောင်းထုတ်ရန် စိတ်ပိုင်းဖြတ်ထားကြသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly