ဆော်လမွန်ကျွန်းနိုင်ငံတွင် တရုတ်၏ ရေရှည်လုံခြုံရေးချထားမှုအပေါ် သြစတြေးလျ စိုးရိမ်နေ

By ANI 
22 January 2023
ဆော်လမွန်ကျွန်းနိုင်ငံတွင် တရုတ်၏ ရေရှည်လုံခြုံရေးချထားမှုအပေါ် သြစတြေးလျ စိုးရိမ်နေ

ဩစတြေးလျနှင့် တရုတ်တို့သည် ပြီးခဲ့သည့်နှစ်များအတွင်း ပစိဖိတ်နိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုခိုင်မာသော မဟာဗျူဟာများကို ချမှတ်ခဲ့ပြီး ဆော်လမွန်ကျွန်းနိုင်ငံနှင့်ပတ်သက်ပြီး အရေးပါသောဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ကြောင်း Financial Post တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံနှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့ကြား ၂၀၂၂ ခုနှစ် မတ်လက ချုပ်ဆိုခဲ့သည့် လုံခြုံရေးသဘောစာချုပ်အရ ကွင်းစလန်းကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀၀ ကျော်အကွာတွင် ရေတပ်စခန်းများ တည်ဆောက်ရန် တရုတ်က အုတ်မြစ်ချမည်ကို ဩစတြေးလျက စိုးရိမ်လာသည့်အတွက် အခြေအနေ ပိုဆိုးလာသည်။
ဩစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) မှ တော်ဝင်ဆော်လမွန်ကျွန်းစုရဲတပ်ဖွဲသို့ လက်နက် အလက် ၆၀ နှင့် မော်တော်ကား ၁၃ စီးတို့ကို နိုဝင်ဘာလအစောပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း Financial Post တွင် ဖော်ပြထားသည်။
ဆော်လမွန်ကျွန်းနိုင်ငံမှ အတိုက်အခံခေါင်းဆောင် မက်သရူးဝေးလ်က အဆိုပါလုပ်ရပ်သည် တရုတ်နိုင်ငံကို ပြိုင်ဆိုင်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု အခိုင်အမာဆိုသော်လည်း ဩစတြေးလျလွှတ်တော်အမတ် မာလစ်က ငြင်းဆိုထားသည်။ တရုတ်က ၂ ရက်အကြာတွင် ရေအမြောက်ထရပ်ကား ၂ စီး၊ မော်တော်ဆိုင်ကယ်အစီး ၃၀ နှင့် SUV ကား အစီး ၂၀ ကို ပေးအပ်ခဲ့သည်။

ဆော်လမွန်ကျွန်းနိုင်ငံတွင် နှစ်ကုန်ပိုင်း၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် ပစိဖိတ်အားကစားပြိုင်ပွဲသည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများကို အရှိန်မြှင့်လာစေနိုင်သည်။
ဆော်လမွန်ကျွန်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ထိုင်ဝမ်၏ အခြေခံအဆောက်အအုံတည်ဆောက်မှုကို တရုတ်နိုင်ငံက လွှဲပြောင်းယူခဲ့ချိန်မှစ၍ အားကစားပြိုင်ပွဲသည် အငြင်းပွားဖွယ်ရာများရှိနေကြောင်း Financial Post က ဖော်ပြခဲ့သည်။
တစ်နှစ်တည်းတွင် အိုလံပစ်နှင့် ရွေးကောက်ပွဲ နှစ်ခုစလုံးအတွက် ကုန်ကျရိတ်များခြင်းကြောင့် ဆော်လမွန်ကျွန်းလွှတ်တော်က အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းက စိုးရိမ်မှုများကို မြင့်တက်လာစေပြီး အတိုက်အခံအချို့က ဝန်ကြီးချုပ် မနာဆက် ဆိုဂါဗားရ်အား အာဏာဆုပ်ကိုင်ထားမှုဖြင့် တရားစွဲခဲ့ကြသည်။
ဆော်လမွန်ကျွန်းတွင် မတည်မငြိမ်ဖြစ်ခဲ့စဉ် ၂၀၂၁ ခုနှစ်နှောင်းပိုင်းက အားကစားအဆောက်အအုံများမှာ ပစ်မှတ်ထားခံခဲ့ရသည်ဟု ပြောဆိုနေကြသည့်အတွက် အားကစားပြိုင်ပွဲများက ဆန္ဒဖော်ထုတ်ရာနေရာများ ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။
ဆူပူအုံကြွမှုများတွင် လုံခြုံရေးအကူအညီပေးရန် တရုတ်နိုင်ငံအား တောင်းဆိုလာနိုင်သည့် အလားအလာရှိနေသည်။ တရုတ်နိုင်ငံနှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့ကြားမှ လုံခြုံရေးသဘောတူညီချက်တွင် တရုတ်နိုင်ငံသားများနှင့် တရုတ်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် တရုတ်လုံခြုံရေးဝန်ထမ်းများအား ကျွန်းများပေါ်သို့ စေလွှတ်နိုင်စေမည့် အခြေအနေများကို သတ်မှတ်ပေးထားပြီး တရုတ်ရန်ပုံငွေနှင့် ဆောက်လုပ်ထားသည့် အဆောက်အဦများ၏ လုံခြုံရေး အန္တရာယ်ကျရောက်ပါက တရုတ်နိုင်ငံက အသုံးပြုနိုင်သည့် ကာကွယ်မှုပင်ဖြစ်သည်ဟု The Financial Post တွင် ဖော်ပြထားသည်။
ထို့ပြင် ပထဝီဝင်နိုင်ငံရေးအရ ပြိုင်ဆိုင်မှုပြင်းထန်နေချိန်တွင် သြစတြေးလျသည် အနာဂတ်တွင် အမြတ်အစွန်းများမည့် လီသီယမ်တင်ပို့မှုကို ကန့်သတ်ရန် သို့မဟုတ် ဟန့်တားရန် ပြင်ဆင်လာနိုင်ကြောင်း Financial Post က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် သြစတြေးလျနိုင်ငံ၏ လီသီယမ်လုပ်ငန်းတွင် အရေးပါသော ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး နိုင်ငံ၏ အဓိကသတ္တုတွင်း ၃ ခုနှင့် သြစတြေးလျနိုင်ငံ၏ ပထမဆုံးသော အလိုအလျောက် လီသီယမ်ဟိုက်ဒရောဆိုဒ် ထုတ်လုပ်ရေး စက်ရုံတို့တွင် ပိုင်ဆိုင်မှုများ ရှိနေသည်။ တရုတ်နိုင်ငံသည် သြစတြေးလျ လီသီယမ်တင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းခန့်ကိုလည်း ဝယ်ယူနေသည်။
သြစတြေးလျသည် ပိုမိုလုံခြုံစိတ်ချရသည့် ကုန်သွယ်မှုဗျူဟာကို ချမှတ်လာနိုင်သည်ဟု The Financial Post က ဖော်ပြခဲ့သည်။
မကြာသေးမီက ထုတ်ပြန်ချက်တစ်ခုတွင် သယံဇာတဝန်ကြီး မယ်ဒလင်းကင်းက "သြစတြေးလျ၏ အရေးပါသော သတ္တုတွင်းထွက်များသည် မိမိတို့၏ ယုံကြည်စိတ်ချရသော ဒေသတွင်း မိတ်ဆွေများနှင့် မဟာမိတ်များ၏ လုံခြုံရေးတွင် အခန်းကဏ္ဍကနေ ပါဝင်ကြောင်း သိရှိနားလည်ရန် လိုအပ်ပြီး မြေရှားသတ္တုများ ရရှိမှုသည် စွမ်းအင်နှင့် စီးပွားရေး ဖူလုံမှုကဲ့သို့ နိုင်ငံတော် လုံခြုံရေးအတွက် များစွာလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စီးပွားရေးကို နိုင်ငံရေးလက်နက်အဖြစ် မည်သူမျှ အသုံးမချသင့်ဟု ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly