Pfizer-BioNtech ကထုတ်သည့် ကိုဗစ်ကာကွယ်ဆေးထိုးရန် တရုတ်နိုင်ငံသားများ ဟောင်ကောင်သို့သွား

Pfizer-BioNtech ကထုတ်သည့် ကိုဗစ်ကာကွယ်ဆေးထိုးရန် တရုတ်နိုင်ငံသားများ ဟောင်ကောင်သို့သွား

တရုတ်နိုင်ငံတွင် ကျန်းမာရေးစနစ်ကို ဆိုးရွားစွာထိခိုက်စေသည့် ကိုဗစ်ရောဂါ ကူးစက်မှုများနှင့် ကြုံနေရချိန်မှာ  တရုတ်နိုင်ငံသားများသည်  ပြည်မကြီးတွင် မရရှိနိုင်သော mRNA ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးရန် ဟောင်ကောင်သို့ အရေးတကြီး သွားနေကြရသည်။ 
တရုတ်က ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နယ်နိမိတ်များကို ဖွင့်လှစ်ကာ လွတ်လွတ်လပ်လပ် ခရီးသွားခွင့်ပေးပြီးနောက် ၅ ရက်အကြာ ဇန်နဝါရီ ၁၂ ရက်တွင် ပြည်မကြီးမှလူများသည် အထူးအုပ်ချုပ်ခွင့်ရ ဟောင်ကောင်ရှိ ဆေးရုံသို့  ပထမဆုံးအသုတ်အဖြစ် ရောက်ရှိလာကြသည်။
ပေကျင်းတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ယိုယိုလျန်းသည် Virtus Medical Center သို့ ပြည်မကြီးမှ ပထမဆုံးရောက်ရှိလာသူများအနက် တစ်ဦးဖြစ်ပြီး သူမအတွက် ပထမဆုံး BioNTech ကိုဗစ် - ၁၉ ကာကွယ်ဆေးကို  ဟောင်ကောင် ဒေါ်လာ ၁၈၈၈ (အမေရိကန်ဒေါ်လာ ၂၄၁) ပေးကာ ထိုးခဲ့သည်။
လျန်သည် လွန်ခဲ့သည့် ၂ နှစ်ကျော်အတွင်း Sinovac ကုမ္ပဏီထုတ် ပြည်တွင်း ကာကွယ်ဆေးကို  ၃ ကြိမ် ထိုးခဲ့သော်လည်း ဗိုင်းရပ်စ်ပိုးကို ပိုမိုကောင်းမွန်စွာကာကွယ်ရန် Pfizer-BioNtech က ထုတ်သည့် နှစ်မျိုးစပ် အားဖြည့်ကာကွယ်ဆေးကို ထပ်မံထိုးခဲ့သည်ဟု ဆိုသည်။ 
“နယ်စပ်ပြန်ဖွင့်တဲ့အခါ ကာကွယ်ဆေးထိုးဖို့ ကြိုးစားခဲ့ပါတယ်။ ပြည်မကြီးမှာ  နှစ်မျိုးစပ် ကာကွယ်ဆေး မရှိဘူး” ဟု ၎င်းက ရှင်းပြသည်။
ကာကွယ်ဆေးအတွက် စုံစမ်းမေးမြန်းမှု ၃၀၀ ကျော် လက်ခံရရှိခဲ့သည် Virtus စင်တာသည် လာမည့်သီတင်းပတ်များနှင့် လများတွင် တရုတ်ပြည်မကြီးမှ ကာကွယ်ဆေးထိုးမည့်သူများ ထပ်မံရောက်လာမည်ဟု မျှော်လင့်ထားကြောင်း ဆေးဘက်ဆိုင်ရာအကြီးအကဲ ဆမ်မျူရယ်ကော့က သတင်းထောက်များကို ပြောသည်။
လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်လက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုတ်ခြည်းစွန့်လွှတ်ခဲ့ကာ  ဝူဟန်မြို့တွင် လွန်ခဲ့သော ၃ နှစ်က ဗိုင်းရပ်စ်စတင်ပေါ်ပေါက်ချိန်မှစ၍ အကာအကွယ်ပေးခဲ့ရသည့် ခုခံအားနည်းသော ပြည်သူများမှာ ရောဂါကူးစက်မှုမြင့်မားလာခြင်းကို ကြုံတွေ့နေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly