ဝီဂါလွတ်လပ်ခွင့်အကြောင်း တွစ်တာ၌ရေးသားခဲ့သည့် ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံး၏  အကောင့် တိုက်ခိုက်ခံရ

By ANI
22 January 2023
ဝီဂါလွတ်လပ်ခွင့်အကြောင်း တွစ်တာ၌ရေးသားခဲ့သည့် ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံး၏  အကောင့် တိုက်ခိုက်ခံရ

တရုတ်နိုင်ငံ ချန်ဒူးမြိုရှိ ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံးက ပါကစ္စတန်နှင့် တရုတ်သည် ဝီဂါအသိုက်အဝန်း၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်အပါအဝင်  နှစ်ဖက် အကျိုးစီးပွားအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်မည် ဟူသော အကြောင်းအရာကို Twitter ၌ တင်ပြီး  နာရီအနည်းငယ်အကြာတွင် အကောင့်မှာ တိုက်ခိုက်ခံလိုက်ရသည်။
ရေဘေးသင့်ဒုက္ခသည်များကို ကူညီထောက်ပံ့မှုအတွက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း Twitter တွင် ဖော်ပြခဲ့ပြီးနောက် ဝီဂါအသိုင်းအဝိုင်းနှင့် ပတ်သက်သည့်   စိုးရိမ်မှုများကို ရေးသားခဲ့ခြင်းဖြစ်သည်။
“ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီမှုအတွက် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ကို ကျေးဇူးတင်ရှိပါသည်။ ဝီဂါ အသိုက်အဝန်း၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့် အပါအဝင် အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်” ဟု ချန်ဒူမြို့ရှိ ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံး၏ တရားဝင် Twitter အကောင့်တွင် ဇန်နဝါရီ ၁၃ ရက်က တင်ခဲ့သည်။
သို့သော် ပို့စ်တင်ပြီး နာရီပိုင်းအကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံး (ချန်ဒူ) ၏ Twitter အကောင့် တိုက်ခိုက်ခံလိုက်ရကြောင်း ပြောကြားခဲ့သည်။ “ဒီနေ့ကစပြီး ကောင်စစ်ဝန်ချုပ်ရုံးအကောင့်က ထုတ်ပြန်တဲ့ သတင်းစကားတွေဟာ ချန်ဒူ  ပါကစ္စတန်ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်တာမဟုတ်သလို  ပါကစ္စတန်အစိုးရရဲ့ ရပ်တည်ချက်ကိုလည်း ထင်ဟပ်စေမှာ မဟုတ်ပါဘူး” ဟု ပြောရေးဆိုခွင့်ရှိသူက Twitter တွင် ရေးသားခဲ့သည်။
တရုတ်သည် ရှင်းကျန်းဒေသရှိ ဝီဂါနှင့် အခြားမွတ်စလင် ၁ သန်းကျော်ကို နှစ်ပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု စွပ်စွဲခံထားရသည်။ တရုတ်က အစွန်းရောက်ဝါဒကို တားဆီးရန် အသက် မွေးဝမ်းကျောင်းစင်တာများ ဖွင့်လှစ်ထားသည်ဟု အခိုင်အမာပြောကြားထားပြီး အဆိုပါစွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။
ဝီဂါတိုင်းရင်းသားများနှင့် တရုတ်နိုင်ငံရှိ အခြားသော မွတ်စလင် လူနည်းစုများ၏ လူ့အခွင့်အရေးအပေါ်  ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ ရှင်ကျန်းဒေသ၌ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုအပြင် အဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခြင်း စသည့် ကျူးလွန်မှုများအတွက် ယုံကြည်ရသော အထောက်အထားများ ရှိကြောင်း အစီရင်ခံစာက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူများသည် တရုတ်နိုင်ငံရှိ ဝီဂါမွတ်စလင်များကို အဓမ္မ လုပ်အားပေးခိုင်းစေမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုမြင့်တက်လာပြီး အချက်အလက် ရှာဖွေစစ်ဆေးရေးအတွက် နိုင်ငံတွင်းသို့ အတားအဆီးမရှိ ဝင်ခွင့်ရရေးတောင်းဆိုခဲ့ပြီး  နိုင်ငံတကာနှင့်ပြည်တွင်းကုမ္ပဏီအများအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ရှင်ကျန်းနှင့်ဆက်စပ်မှု ရှိ မရှိ သေချာစိစစ်ရန် တိုက်တွန်းခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly