ပါကစ္စတန်တောင်ပိုင်း ဝါဇီရစ္စတန်တွင် စစ်သွေးကြွများ တိုးပွားလာမှုအပေါ် ဒေသခံများက လမ်းပိတ်ဆန္ဒပြ   

By ANI
22 January 2023
ပါကစ္စတန်တောင်ပိုင်း ဝါဇီရစ္စတန်တွင် စစ်သွေးကြွများ တိုးပွားလာမှုအပေါ် ဒေသခံများက လမ်းပိတ်ဆန္ဒပြ   

ပါကစ္စတန်တွင် အလွန်ချမ်းအေးသော ဆောင်းရာသီဖြစ်သော်လည်း ဆန္ဒပြသူများက ၆ ရက်မြောက်အဖြစ် ထိုင်သပိတ်ဆင်နွှဲကာ တောင်ပိုင်းဝါဇီရစ္စတန်ဒေသကို ဆက်သွယ်ထားသည့် အဓိကလမ်းမများကို ပိတ်ဆို့ထားသည်။
 ခိုင်ဘာပက်ခ်တွန်ခဝါတွင် စစ်သွေးကြွများနှင့် အခြားသော ရာဇဝတ်မှုများ မြင့်တက်လာမှုကို ဆန်ကျင်သည့်အနေဖြင့်  ယခုကဲ့သို့ လမ်းများပိတ်ကာ ဆန္ဒပြခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် The News International က ဖော်ပြခဲ့သည်။
ဒေသတွင်း ထာဝရငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးကို တောင်းဆိုရန်   ထောင်နှင့်ချီသော ဒေသခံများ၊ အလုပ်သမားများနှင့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီများ၊  အရပ်ဘက် လူ့အဖွဲ့အစည်းအဖွဲ့ဝင်များနှင့် တောင်ပိုင်း ဝါဇီရစ္စတန်မှ ထောင်ပေါင်းများစွာသော ကျောင်းသားများသည်  ထိုင်သပိတ်တွင် ပါဝင်ခဲ့ကြကြောင်း  ပါကစ္စတန်သတင်းစာက ဖော်ပြခဲ့သည်။
အစိုးရအနေဖြင့် တောင်းဆိုချက် ၁၀ ချက်ကို ချက်ချင်းလက်မခံပါက ဆန္ဒပြပွဲစီစဉ်သူများက ထိုင်သပိတ်ဆင်နွှဲမှုကို တခြားနေရာများအထိ တိုးချဲ့သွားမည်ဟု ခြိမ်းခြောက်ထားကြောင်း The News တွင် ဖော်ပြထားသည်။
ပါကစ္စတန်တွင် တရားမဝင် ပါကစ္စတန်တာလီဘန်များ တိုးပွားလာမှုနှင့်အတူ အထူးသဖြင့် ခိုင်ဘာပက်ခ်တွန်ခဝါနှင့် ဘာလိုချီစတန်တို့တွင် လုံခြုံရေး အခြေအနေဆိုးရွားလာခြင်းနှင့်အတူ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပါကစ္စတန်၏ တရားဥပဒေစိုးမိုးရေးအခြေအနေသည် ပြီးခဲ့သည့်လများအတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး တရားမဝင် ပါကစ္စတန် တာလီဘန်များ (TTP) နှင့် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့တို့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များသည် တိုက်ခိုက်မှုများကို ကျူးလွန်ကာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေကြသည်။ 
သုတေသနနှင့် လုံခြုံမှုလေ့လာရေးစင်တာ (CRSS) မှ အကြံပေးအဖွဲ့က ပါကစ္စတန်တာလီဘန်များသည် နိုင်ငံအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် ပေါ်ထွက်လာကြောင်း ‌ထောက်ပြခဲ့ပြီး ၂၀၂၂ ခုနှစ်သည်  ၁၀ စုနှစ်တစ်ခုအတွင်း ပါကစ္စတန်လုံခြုံရေးဝန်ထမ်းများအတွက် အသေအပျောက်အများဆုံး လဖြင့်  ကုန်ဆုံးခဲ့ရသည်ဟု ဆိုသည်။
ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ် တိုက်ခိုက်မှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၂  ဦးထက်မနည်း ဆုံးရှုံးခဲ့ကာ  ဗုံးဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ အသေခံဗုံးခွဲတိုက်ခိုက်ခြင်းနှင့် အများအားဖြင့် ပါကစ္စတန်-အာဖဂန်နယ်စပ်ဒေသများရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်စီးနင်းခြင်းများ ပါဝင်သည်ဟု CRSS  ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly