တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဗိုလ်ကျစိုးမိုးမှုကို ဖိလစ်ပိုင်က ဟန့်တားထား

By ANI
22 January 2023
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဗိုလ်ကျစိုးမိုးမှုကို ဖိလစ်ပိုင်က ဟန့်တားထား

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ဗိုလ်ကျစိုးမိုးသော အလိုဆန္ဒများသည် ဖိလစ်ပိုင်နှင့် တရုတ်ဆက်ဆံရေးကို သိသိသာသာ ဆုတ်ယုတ်သွားစေပြီး ရန်လိုမှုများ တိုးလာသည်ဟု HK Post က ဖော်ပြသည်။
တရုတ်အစိုးရသည် ၂၀၀၉ ခုနှစ်တွင် တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးကို ပြောင်းလဲရန် တစ်ဖက်သတ် ကြိုးပမ်းခဲ့ပြီး ထိုအချိန်မှစ၍ ဖိလစ်ပိုင်နိုင်ငံနှင့်သာမက အခြားအရှေ့တောင်နိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေးများမှာ အက်ကြောင်းထင်လာသည်။
ဖိလစ်ပိုင်သည် မတည်ငြိမ်သော ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ရန်လိုသော အပြုအမူကို ရင်ဆိုင်နေရသည့် လက်တစ်ဆုပ်စာ နိုင်ငံများထဲတွင် ပါဝင်ကြောင်း HK Post က ဖော်ပြသည်။
တရုတ်က တောင်တရုတ်ပင်လယ်တွင် တောင်းဆိုမှုများ လုပ်လာပြီးနောက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးဆိုင်ရာ စီမံကိန်းများကို ဖိလစ်ပိုင်အား မလုပ်ဆောင်စေဘဲ အငြင်းပွားဒေသရှိ ဖိလစ်ပိုင်၏ ရေလုပ်ငန်းများကိုလည်း ကန့်သတ်ခဲ့သည်။
ထို့ပြင် ရေပိုင်နက်ပိုင်ဆိုင်ကြောင်း တရုတ်၏ အခိုင်အမာပြောဆိုချက်တွင် ဖိလစ်ပိုင်မှထူထောင်ထားသော သီးသန့်စီးပွားရေးဇုန် (EEZ) ပါဝင်သောကြောင့် တရုတ်အပေါ် တရားစွဲဆိုမှုများအထိ ဖြစ်လာခဲ့သည်။
တောင်းဆိုမှုများကို ဆန့်ကျင်ခဲ့သော ခုံရုံး၏ ဆုံးဖြတ်ချက်ကို တရုတ်က ပယ်ချခဲ့သည်။ တင်းမာမှုများ အနည်းငယ် လျော့ပါးသွားသော်လည်း တရုတ်သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍  အတင့်ရဲစွာ ပြောဆိုလာမှုကြောင့် နှစ်နိုင်ငံအကြား သံတမန်ရေး တင်းမာမှုများဖြစ်စေခဲ့သည်ဟု HK Post က ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်၏ ပထဝီဝင်အနေအထားအရ မဟာဗျူဟာမြောက်ဒေသသည် ဧရိယာစတုရန်းကီလိုမီတာ ၃ ဒဿမ ၅ သန်းကို လွှမ်းခြုံထားပြီး ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ အပါအဝင် ၇ နိုင်ငံဖြင့် ဆက်စပ်လျက်ရှိသည်။ တောင်တရုတ်ပင်လယ်သည် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့မြောက်အာရှအကြား အတိုဆုံး သင်္ဘောလမ်းကြောင်းဖြစ်သောကြောင့် မဟာဗျူဟာမြောက် အရေးပါလှသည်။
တရုတ်က အငြင်းပွားဖွယ် သန္တာကျောက်တန်းများကို ခိုင်မာသောအဆောက်အအုံများရှိသည့် ကျွန်းတုများအဖြစ် ဖန်တီးခြင်းဖြင့် လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းနေသည်ဟု ဖိလစ်ပိုင်က ဆိုသည်။
တရုတ်သည် ဗိုလ်ကျစိုးမိုးလိုသော ရည်မှန်းချက်ဖြင့် နိုင်ငံတကာရေပိုင်နက်ပေါ်တွင်သာမက ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ရေလမ်းကြောင်းပေါ်၌ပါ ကျွန်းတုများကို စစ်အခြေစိုက်စခန်းအများအဖြစ် အခိုင်အမာတည်ဆောက်ထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။
အထူးသဖြင့် တရုတ်က ပိုင်နက်လွှမ်းမိုးထားသည့် စပရတ်လေကျွန်းများနှင့် စကားဘိုးရပ်ရှောလ်သန္တာကျောက်တန်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နှင့်အငြင်းပွားမှုသည် ဆိုးရွားလာခဲ့သည်ဟု HK Post က ဖော်ပြသည်။
တရုတ်ရေတပ်သည် ၎င်းတို့ တစ်ဖက်သတ် သတ်မှတ်ထားသော အငြင်းပွားဒေသတွင် ဖိလစ်ပိုင် ငါးဖမ်းလှေများနှင့် ငါးဖမ်းသမားများကို အနှောက်အယှက်ပေးခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် ပဋိပက္ခဖြစ်အောင် ဆွနေကြောင်း စွပ်စွဲခံထားရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly