တရုတ်က အကြီးမားဆုံး မဟာဗျူဟာမြောက်စိန်ခေါ်မှု ဖြစ်ကြောင်း အမေရိကန်နှင့်ဂျပန် သဘောတူ

By ANI
22 January 2023
တရုတ်က အကြီးမားဆုံး မဟာဗျူဟာမြောက်စိန်ခေါ်မှု ဖြစ်ကြောင်း အမေရိကန်နှင့်ဂျပန် သဘောတူ

တရုတ်နိုင်ငံသည် အမေရိကန်၊ ဂျပန်နှင့် ၎င်းတို့၏ မဟာမိတ်များ လက်ရှိရင်ဆိုင်နေရသည့်  အကြီးမားဆုံးသော မဟာဗျူဟာစိန်ခေါ်မှု ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဂျပန်အစိုးရအရာရှိများနှင့် ၂ + ၂ ဝန်ကြီးအဆင့်တွေ့ဆုံပွဲအပြီးတွင် ပြောကြားသည်။
" တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မိမိတို့နှင့် မိမိတို့၏ မဟာမိတ်များနှင့် မိတ်ဖက်များ ရင်ဆိုင်နေရသည့် အကြီးမားဆုံး မဟာဗျူဟာစိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း သဘောတူသည်" ဟု ဘလင်ကန်က ဝါရှင်တန်တွင် ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန် ထိပ်တန်းသံတမန်နှင့် ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်အော်စတင်သည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးရန် မဟာမိတ်ဖြစ်သော ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှိနှင့် ကာကွယ်ရေးဝန်ကြီး ယာဆုကာဇု ဟာမာဒါတို့အား အမေရိကန်-ဂျပန် လုံခြုံရေးကော်မတီအစည်းအဝေးသို့ ဖိတ်ကြားခဲ့သည်။
တရုတ်၏ ကြီးထွားလာနေသော အင်အားသည် အင်ဒို-ပစိဖိတ်ဒေသနှင့် ပြင်ပတွင် အကြီးမားဆုံး မဟာဗျူဟာမြောက် စိန်ခေါ်မှု ဖြစ်လာကြောင်း နှစ်နိုင်ငံနိုင်ငံခြားရေးနှင့်ကာကွယ်ရေးအရာရှိများက သဘောတူညီခဲ့သည်ဟု Kyodo News သတင်းဌာနက ဖော်ပြသည်။
နှစ်ဘက်စလုံးက တရုတ်၏ ဟန့်တားခြိမ်းခြောက်မှုကို ပူးပေါင်းတားဆီးရန်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီမှုကို အာကာသကဏ္ဍအထိ တိုးချဲ့ရန် ကတိပြုခဲ့ကြသည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံတကာမူဝါဒတစ်ရပ် ချမှတ်ရန် ရည်ရွယ်လုပ်ဆောင်နေပြီး ယင်းသည် အမေရိကန်-ဂျပန် မဟာမိတ်အတွက် အလွန်စိုးရိမ်စရာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 
အမေရိကန်နှင့် ဂျပန်တို့သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ဥပဒေမဲ့ အတင်းအကျပ် ရန်လိုမှုများနှင့် ပြဿနာ ဖန်တီးသည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဟယာရှိက ပြောကြားခဲ့သည်။
ဂျပန်သည် တန်ပြန်တိုက်ခိုက်မှုစွမ်းရည်များရရှိရေး လမ်းကြောင်းပေါ်တင်ပေးသည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာစာတမ်းများကို ထောက်ခံအတည်ပြုပြီးနောက် သီတင်းပတ်များအတွင်း အမေရိကန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၎င်း၏ အကျိုးစီးပွားအတွက် နိုင်ငံတကာအစီအစဉ်ကို ဖော်ဆောင်ရန်နှင့် နိုင်ငံ၏ ကြီးထွားလာနေသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာဆိုင်ရာ အင်အားများကို အဆုံးထိ အသုံးချရန် ကြိုးပမ်းနေကာ ထိုအပြုအမူများသည် မဟာမိတ်အဖွဲ့များနှင့်    နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလေးအနက်စိုးရိမ်စရာဖြစ်ကြောင်း ဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly