တရုတ်သို့ အရန်ရေနံတင်ပို့မှု တားမြစ်သည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

By Reuters
21 January 2023
တရုတ်သို့ အရန်ရေနံတင်ပို့မှု တားမြစ်သည့် ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်၏ မဟာဗျူဟာမြောက်အရန်ရေနံများ (SPR) အား တရုတ်သို့ တင်ပို့ခြင်းကို တားမြစ်မည့် ဥပဒေကြမ်းကို ဇန်နဝါရီလ ၁၂ ရက်တွင် အမေရိကန်အောက်လွှတ်တော်က တစ်ခဲနက် အတည်ပြုလိုက်သည်။
အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၃၁ မဲ၊ ကန့်ကွက်မဲ ၉၇ မဲဖြင့် အတည်ပြုခဲ့ပြီး ကန့်ကွက်မဲအားလုံးသည် ဒီမိုကရက်များထံမှ ဖြစ်သည်။
ယူကရိန်းစစ်ပွဲကြောင့် မြင့်တက်နေသည့် ရုရှားရေနံဈေးကို ထိန်းညှိရန် ဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒင်က အမေရိကန် အရန်ရေနံ (SPR) မှ ရေနံစည် သန်း ၁၈၀ ရောင်းချရန် ကြေညာလိုက်ချိန်မှာ တရုတ်သို့ အမေရိကန်ရေနံ တင်ပို့ရောင်းချရေး ကိစ္စရပ်သည် ၂၀၂၂ ခုနှစ်က ရီပတ်ဘလစ်ကန်များအတွက် အပူတပြင်းဆွေးနွေးရန်ကိစ္စ ဖြစ်လာခဲ့သည်။
အမေရိကန် ရေနံကုမ္ပဏီများက ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ တရုတ်သို့ ရေနံစည်ပေါင်း ၆၇ သန်းနီးပါး တင်ပို့ခဲ့သည်။
ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက် ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးတွင် အမေရိကန်က တရုတ်သို့ စည်ပေါင်း ၁၇၆ သန်း တင်ပို့ခဲ့သည်။
ဝါရှင်တန်ပြည်နယ်မှ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ကက်သီမက်ခ်မောရစ်ရော်ဂျာက "ကျွန်မတို့ရဲ့ စွမ်းအင်သော့ချက်တွေကို တရုတ်ကွန်မြူနစ်ပါတီကို မလွှဲပေးသင့်ပါဘူး။ ဘိုင်ဒင်အစိုးရက အမေရိကန်ရဲ့ အရန်ရေနံတွေကို ဖြုန်းတီးနေတာပါ” ဟု ပြောကြားခဲ့သည်။
ယင်းဥပဒေသည် ပါတီနှစ်ခုကြား ခြားနားချက်ကို မီးမောင်းထိုးပြရန် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ရီပတ်ဘလစ် ကန်များက ကြိုးပမ်းနေသည့် အလားအလာမရှိသော ဥပဒေကြမ်းများထဲမှ တစ်ခုဖြစ်ကြောင်း Height Capital Markets မှ လေ့လာသုံးသပ်သူ ဆာလစ်ဘာရီက ပြောကြားခဲ့သည်။
“ဒါပေမယ့် ဥပဒေကြမ်းက ဥပဒေဖြစ်ဖို့အတွက် ဒီမိုကရက်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်နဲ့ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly