ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် ပါဝင်ရန် တွန့်ဆုတ်နေသည့် နီပေါကို တရုတ် ဖိအားပေး 

By ANI 
21 January 2023
ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် ပါဝင်ရန် တွန့်ဆုတ်နေသည့် နီပေါကို တရုတ် ဖိအားပေး 

တရုတ်သည် ရည်မှန်းချက်ကြီးမားလှသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) အတွက် နီပေါ၏ ပူးပေါင်းပါဝင်မှုကို ရရန် ကြိုးပမ်းနေသော်လည်း ဟိမဝန္တာဒေသနိုင်ငံဖြစ်သည့် နီပေါက တရုတ်မူဝါဒများကို ဆန့်ကျင်သည့် အမေရိကန်နှင့် အိန္ဒိယတို့ထံမှ ပံ့ပိုးကူညီမှုကို  တောင်းခံနေခြင်းကြောင့် တရုတ်နှင့် ပူးပေါင်းရန် တွန့်ဆုတ်နေကြောင်း ခေတ္တမန္ဒူအခြေစိုက် အွန်လိုင်းမဂ္ဂဇင်း Epardafas က ဖော်ပြလိုက်သည်။

နီပေါက BRI တွင် မပါဝင်သေးဘဲ တရုတ်က ကမ်းလှမ်းထားသည့် စီမံကိန်းများသည် အမှန်တကယ် အကျိုးရှိ  မရှိ သံသယရှိနေသည်။
သို့သော် လတ်တလော ကမ္ဘာ့စီးပွားရေးအခြေအနေများအရ BRI ကို အကောင်အထည်ဖော်ခဲ့သည့်နိုင်ငံများက BRI သည် တရုတ်ကြွေးမြီထောင်ချောက်တစ်ခုဖြစ်ကြောင်း ယူဆလာကြသည်။
ပိုခါရာပြည်တွင်းပြည်ပလေဆိပ်ကို ၂၀၂၂ ခုနှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခြင်းက နီပေါအပေါ် တရုတ်၏ ဖိအားများရှိကြောင်း ဖော်ပြနေသည်။ 
ထိုအချိန်က နီပေါဆိုင်ရာ ယာယီတရုတ်သံအမတ်ကြီး ဝမ်ရှင်းက လေဆိပ်သည် BRI စီမံကိန်းတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် လေဆိပ်သည် နီပေါအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ် (EXIM)၏ ချေးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း Epardafas သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ကာမယ်လ်ဒါဟယ်လ်က ပိုခါရာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မဖွင့်ပေးမီ တစ်ရက်အလိုတွင် “ပိုခါရာလေဆိပ်သည် တရုတ်-နီပေါ BRI ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းဖြစ်သည်” ဟု တရုတ် သံရုံး Twitter အကောင့်တွင် ရေးသားခဲ့သည်။
အမှန်တကယ်မှာ နီပေါသည် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ အတိုးနှုန်းသက်သာသည့် ချေးငွေသက်တမ်း နှစ် ၄၀ ဖြင့် ရူပီး ၂၂ ဘီလီယံ ယူခဲ့ခြင်းဖြစ်သည်။
အတိုးနှုန်းမှာ တစ်နှစ်လျှင် ၂ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သည်။ မြို့ပြလေကြောင်းအာဏာပိုင်နှင့် တရုတ်EXIM ဘဏ်တို့အကြား ချေးငွေသဘောတူညီချက်ကို Twitter တွင် ဖော်ပြထားခြင်းမရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly