တရုတ်၏ ရန်လိုစကားများကြောင့် အာကာသအတွင်း တိုက်ခိုက်မှုများရှိလာနိုင်ဟု အမေရိကန် သတိပေး

By The Standard
21 January 2023
တရုတ်၏ ရန်လိုစကားများကြောင့် အာကာသအတွင်း တိုက်ခိုက်မှုများရှိလာနိုင်ဟု အမေရိကန် သတိပေး

တရုတ်နိုင်ငံနှင့်ပတ်သက်သည့် စိုးရိမ်မှုများ တိုးလာသည့်အတွက် အမေရိကန်သည် မဟာမိတ် ဂျပန်ပိုင်နက်နယ်မြေတွင် ပိုမိုထက်မြက်သည့် မရိန်းတပ်ဖွဲ့တစ်ဖွဲ့အား ဖြန့်ကြက်ချထားရေးကို ကြေညာခဲ့ကာ အာကာသအတွင်း တိုက်ခိုက်မှုများက အမေရိကန်နှင့် ဂျပန်ကြား ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘောတူစာချုပ်ကို အသုံးချရန် ဖြစ်လာစေနိုင်သည်ဟု အမေရိကန်က သတိပေးလိုက်သည်။
လုံခြုံရေးအသုံးစရိတ်တိုးမြှင့်မည့် အစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ရက်သတ္တပတ်အကြာတွင် ဂျပန်နှင့် အမေရိကန်တို့သည် ပို၍ပြင်းထန်သော လုံခြုံရေးပတ်ဝန်းကျင်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရေးအတွက် မဟာမိတ်ဆက်ဆံရေးကို ခိုင်မာရန် ကတိပြုခဲ့ကြသည်။
ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဗြိတိန်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးမြှင့်တင်ရန် လန်ဒန်သို့မသွားမီ ထိုသို့ကတိပြုခဲ့ကြခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ဂြိုဟ်တုများကို အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နေသဖြင့် အာကာသဆီ၊ အာကာသမှ သို့မဟုတ် အာကာသထဲ တိုက်ခိုက်မှုများသည် မဟာမိတ်အဖွဲ့၏ လုံခြုံရေးအတွက် ထင်ရှားသည့် စိန်ခေါ်မှုတစ်ရပ်ပြီး တစ်နိုင်ငံကို တိုက်ခိုက်ပါက နှစ်နိုင်ငံစလုံးကို တိုက်ခိုက်သည်ဟု ယူဆမည့် ကာကွယ်ရေးသဘောတူစာချုပ် အပိုဒ်-၅ အတိုင်း ဆောင်ရွက်ရနိုင်သည်ဟု အမေရိကန်နှင့် ဂျပန်တို့က သတိပေးထားသည်။ 
တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်ဝမ်နှင့်အနီးဆုံး ဂျပန်ကျွန်းဖြစ်သည့် အိုကီနာဝါကျွန်းသို့ အမေရိကန် ကမ်းခြေစောင့်မရိန်းတပ်ဖွဲ့ စေလွှတ်မည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။  
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အဆိုပါ တပ်ဖွဲ့ကို ၂၀၂၅ ခုနှစ်တွင် အပြီးချထားသွားမည်ဟု ပြောကြားခဲ့သည်။
“ဂျပန်ကို ကာကွယ်ဖို့နဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဖော်ဆောင်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ အဓိကနည်းလမ်းတစ်ခုအနေနဲ့ အထောက်အကူဖြစ်မယ် ထင်ပါတယ်” ဟု အော်စတင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အန္တရာယ်များပြီး ရန်စသည့် စစ်ရေးလှုပ်ရှားမှုများကို နှစ်နိုင်ငံစလုံးက ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
"သူတို့က ပုံမှန်အခြေအနေသစ်ကို ထူထောင်ဖို့ ကြိုးပမ်းနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ဒါပေမယ့် အဲဒါက ကျူးကျော်တော့မှာလား ဆိုတဲ့ သံသယကို ဖြစ်စေပါတယ်" ဟု အော်စတင်က ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက အမေရိကန်နှင့်ဂျပန်အနေဖြင့် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် တတိယနိုင်ငံတစ်ခု၏ အကျိုးစီးပွား သို့မဟုတ် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မထိခိုက်စေရန် သေချာဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ရှားရှားပါးပါး တရုတ်ခရီးစဉ်မတိုင်မီ ထိုသို့ ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ “ကျွန်တော်တို့က ပဋိပက္ခ မဖြစ်ချင်ပါဘူး။ အားပြိုင်မှုကို တာဝန်သိသိ ကိုင်တွယ်စီမံသွားမှာပါ" ဟု ဘလင်ကန်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly