သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ၄ဦးသေဆုံးပြီး ၃ဦးဒဏ်ရာပြင်းထန်ဟုဆို

By လင်းအိမ်
21 January 2023
သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ၄ဦးသေဆုံးပြီး ၃ဦးဒဏ်ရာပြင်းထန်ဟုဆို

မဇ္ဈိမ။       ။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်အဖွဲ့က ယနေ့ဇန်နဝါရီလ ၂၁ရက်တွင် ထုတ်ပြန်သည်။ 

သပိတ်ကျင်းမြို့၏ မြောက်ဘက် မိုင် ၃၀အကွာရှိ  ဆယ်ဇင်းကုန်းရွာနှင့်မင်းကုန်းရွာကြားတွင်း အင်အား၂၀ကျော်ပါ စစ်ကောင်စီတပ်ကား သုံးစီးကို ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် ယနေ့ ညနေ ၄နာရီ ၃၀မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

" ထီးချိုင့်ကနေ အောက်မန်းလေးဘက်ကိုဆင်းလာတဲ့ စကစတပ်အင်အား ၂၀ကျော်ပါ ကားသုံးစီးကို လမ်းကြောင်းသတင်းရလို့ ရှေ့ထွက်မိုင်း ခြောက်လုံးကို တစ်ကြိမ်ထဲ စောင့်ပြီး ခွဲခဲ့တာပါ၊ လေးကောင်သေပြီးသုံးကောင်ဒဏ်ရာပြင်းထန်ရဟုသိရပါပြီဗျ" ဟု သပိတ်ကျင်းမြို့နယ်(ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။ 

ပစ်ခတ်တိုက်ခိုက်ပြီးနောက် ကားတစ်စီးမှာ လုံး၀ထိုးရပ်သွားခဲ့ပြီး အနီးအနားဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်မှုများရှိခဲ့ကာ ကျန်ကားနှစ်စီးမှလည်း လိုက်လံပစ်ခဲ့သည်ဟု သိရသည်။ 

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီတပ်များသည် ပျက်စီးသွားသည့် စစ်ကားကို ကျန်ကားနှစ်စီးဖြင့်ဆွဲကာ မန္တလေးဘက်သို့ ထွက်ခွာသွားသည်ဟု ဆိုသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#စစ်ကောင်စီတပ်
#သပိတ်ကျင်းမြို့နယ်
#ပကဖ
#မန္တလေးတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required