အထည်အလိပ်လုပ်ငန်းများတွင် ဝန်ထမ်းလျှော့ချခြင်းက ပါကစ္စတန်အစိုးရ၏ ညံ့ဖျင်းမှုကို ဖော်ပြနေ 

By ANI
20 January 2023
အထည်အလိပ်လုပ်ငန်းများတွင် ဝန်ထမ်းလျှော့ချခြင်းက ပါကစ္စတန်အစိုးရ၏ ညံ့ဖျင်းမှုကို ဖော်ပြနေ 

ပါကစ္စတန်ရှိ အထည်အလိပ်ကဏ္ဍတွင် တင်ပို့မှုလျော့နည်းလာခြင်းနှင့် နိုင်ငံ၏ လက်ရှိစီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ပါကစ္စတန်အစိုးရ မစွမ်းဆောင်နိုင်မှုကြောင့် လူ ၇ သန်းခန့်ကို အလုပ်လက်မဲ့ဖြစ်စေခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။
လုပ်ငန်းအများအပြား ပိတ်သိမ်းပြီး ဖြစ်သောကြောင့် အထည်အလိပ်လုပ်ငန်းကဏ္ဍသည် ရပ်ဆိုင်းရတော့မည့်အခြေအနေရှိကြောင်း  ဇန်နဝါရီ ၉ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တန်ဖိုးမြင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။ 
လုပ်ငန်းရှင်အများအပြားက ထုတ်လုပ်မှုကို ပိတ်သိမ်းရန် သို့မဟုတ် ပြည်ပသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြသည်ဟု Dawn သတင်းက ဖော်ပြခဲ့သည်။
ယခုအချိန်တွင် ရှာဘက်ရှရစ်ဖ် လက်အောက်ရှိ လက်ရှိ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ်(PML-N) အစိုးရနှင့် ယခင် အီမရန်ခန်း လက်ထက် ပါကစ္စတန်တီရစ်-အီ-အင်ဆက်ဖ် (PTI) အစိုးရတို့သည် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ရာတွင် မအောင်မြင်ခဲ့ဘဲ ယခုအချိန်ထိ နှစ်ရှည်လများ ကြုံတွေ့နေရဆဲဖြစ်သည်။
ကုန်ပစ္စည်းသိုလောင်ခများက ကုန်ကျစရိတ်ကို မြင့်တက်စေသောကြောင့် အထည်အလိမ်လုပ်ငန်းရှင်များသည် လုပ်ငန်းအပေါ်စိုးရိမ်မှုနှင့် စီးပွားအကျပ်အတည်းကို အဆုံးသတ်ချင်လာကြကြောင်း အထည်အလိပ်လုပ်ငန်းမှ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
စီးပွားရေး အကျပ်အတည်းရှိနေသော်လည်း အစိုးရအဖွဲ့ဝင်များအတွက် BMW ကဲ့သို့သော တန်ဖိုးကြီး ဇိမ်ခံကားများ တင်သွင်းနေသည်ဟုလည်း အထည်အလိပ်လုပ်ငန်းရှင်အသင်း အဖွဲ့ဝင်များက ပြောသည်။ 
"နိုင်ငံခြားဝင်ငွေကို အရင်မရှာရင် မရှိမဖြစ်လိုအပ်တဲ့အခြေခံကုန်ပစ္စည်းတွေနဲ့ စွမ်းအင်အတွက် နိုင်ငံခြားငွေကို ဘယ်လိုလုပ် သုံးနိုင်မှာလဲ "ဟု အဖွဲ့ဝင်များက မေးခွန်းထုတ်ကာ ဝင်ငွေရသော အထည်အလိပ်လုပ်ငန်းကို နိုင်ငံ၏ ဦးစားပေးစာရင်းတွင် တတိယနေရာ၌ ထားရှိခြင်းနှင့် အထည်အလိပ်လုပ်ငန်းပြဿနာကို အောက်ဆုံးအဆင့်၌ ထားခြင်းသည် မူဝါဒချမှတ်သူများ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကို ပြသနေသည်ဟု လုပ်ငန်းရှင်များက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly