တရုတ်၊ ဗီယက်နမ်တို့နှင့် ရေနံရှာဖွေတူးဖော်ရေး သဘောတူစာချုပ်ကို ဖိလစ်ပိုင် တရားလွှတ်တော်ချုပ် ပယ်ဖျက်

By ANI 
20 January 2023
တရုတ်၊ ဗီယက်နမ်တို့နှင့် ရေနံရှာဖွေတူးဖော်ရေး သဘောတူစာချုပ်ကို ဖိလစ်ပိုင် တရားလွှတ်တော်ချုပ် ပယ်ဖျက်

ဖိလစ်ပိုင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံအကြား ၂၀၀၅ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် တောင်တရုတ်ပင်လယ်အတွင်း ရေနံရှာဖွေတူးဖော်ရေးဆိုင်ရာ သဘောတူစာချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းမရှိကြောင်း ဖိလစ်ပိုင်တရားရုံးက ကြေညာခဲ့သည်ဟု The Philippine Star သတင်းစာတွင် ဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားဖွယ်စပရတ်လေကျွန်းစုများအနီးရှိ ရေပြင်အနီးတွင် ပူးပေါင်း ရေနံရှာဖွေခွင့်ပြုသည့် Joint Marine Seismic Undertaking (JSMU) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော နိုင်ငံပေါင်း ၃ နိုင်ငံမှ အစိုးရပိုင်ကုမ္ပဏီများကို တရားရုံးက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ 
"JSMU သဘောတူစာချုပ်သည် ၁၉၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၊ အပိုဒ်ခွဲ (၁၂) တွင် ပြဋ္ဌာန်းထားသော ကာကွယ်ရေးဆိုင်ရာ အချက်များကို မလိုက်နာဘဲ တိုင်းပြည်၏ သဘာဝသယံဇာတများကိုရှာဖွေရေးတွင် ပြည်ပမှရာနှုန်းပြည့် ပိုင်ဆိုင်သည့် ကော်ပိုရေးရှင်းများကို ပါဝင်ခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်" ဟု တရားရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ The Philippine Star သတင်းစာတွင် ဖော်ပြထားသည်။
အများပြည်သူပိုင်နယ်မြေ၊ ရေ၊ ဓာတ်သတ္တု၊ ကျောက်မီးသွေး၊ ရေနံနှင့် အခြားတွင်းထွက်ဆီများ၊ အလားအလာရှိသော စွမ်းအင်များ၊ ငါးဖမ်းလုပ်ငန်း၊ သစ်တောများ သို့မဟုတ် သစ်၊ တောရိုင်းတိရစ္ဆာန်များ၊ သစ်ပင်ပန်းမန်များနှင့် အခြားသဘာဝသယံဇာတများ၏ အရင်းအမြစ်အားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို တရားရုံးက ကိုးကား၍ ပြောကြားခဲ့သည်။ 
“သဘာဝ သယံဇာတ တူးဖော်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချရေးတို့သည် နိုင်ငံတော်၏ အပြည့်အဝ ထိန်းချုပ်ကြီးကြပ်မှုအောက်တွင် ရှိရမည်” ဟု ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်အတိုက်အခံပါတီများမှ တိုင်ကြားသည့် JMSU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်မှုအား တားမြစ်ရန် လုပ်ဆောင်ရာမှ ဤအမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ပအဖွဲ့အစည်းများကို သဘာဝသယံဇာတများ ရှာဖွေခွင့်မပြုသောကြောင့် ၂၀၀၈ ခုနှစ် သက်တမ်းကုန်သွားသည့် အဆိုပါစီမံကိန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟုဆိုကာ အမှုကို တရားရုံးသို့ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကားလို့စ် အိုက်စ်ဂါနီ ဇာရက်တီက ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာအတွက် အောင်ပွဲဟု ပြောဆိုခဲ့သည်။
"မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် အောင်ပွဲပါ။ အထူးသဖြင့် အနောက်ဖိလစ်ပိုင်ပင်လယ်မှာ အတားအဆီးမဲ့ ရှာဖွေတူးဖော်မှုနဲ့ ကျုးကျော်ဝင်ရောက်မှုမှာ တရုတ်နိုင်ငံက JMSU သဘောတူညီချက်ကို အသုံးချနေတာကြောင့် ဘာယန်မူနာပါတီက ဒီအသနားခံစာကို ၂၀၀၈ ခုနှစ်မှာ တင်သွင်းခဲ့ပါတယ်” ဟု Twitter တွင် ရေးသားခဲ့သည်။
ရှာဖွေရေး ဟူသောအသုံးအနှုန်းသည် မူလဓိပ္ပာယ် သို့မဟုတ် ပညာရပ်ဆိုင်ရာသဘောအရ တစ်စုံတစ်ခုအား ရှာဖွေခြင်း သို့မဟုတ် ရှာဖွေတွေ့ရှိခြင်းနှင့် သက်ဆိုင်သည်ဟု တရားရုံးက မှတ်ချက်ပြုထားပြီး JMSU စာချုပ် သည် တိုင်းပြည်၏ သဘာဝအရင်းအမြစ်များ အထူးသဖြင့် ရေနံရှာဖွေရေးနှင့် ပတ်သက်နေသည်ဟု ဆုံးဖြတ်ခဲ့သည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် ရေနံရှာဖွေရေး သဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့သည့်အတွက် ဖိလစ်ပိုင်တရားရုံးချုပ်က ယခု ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဖိလစ်ပိုင်သမ္မတနှင့် ပြီခဲ့သည့်အပတ်က တွေ့ဆုံစဉ် ဆွေးနွေးညှိနှိုင်းများ ပြန်လည်စတင်ပြီး အငြင်းပွားမှုမရှိသော ရေပိုင်နက်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly