အာဖဂန်အမျိုးသမီးများ အင်န်ဂျီအိုတွင် အလုပ်မလုပ်ရန် တားမြစ်ချက်ကို  ပြန်သုံးသပ်ရန် OIC တောင်းဆို

By ANI
20 January 2023
အာဖဂန်အမျိုးသမီးများ အင်န်ဂျီအိုတွင် အလုပ်မလုပ်ရန် တားမြစ်ချက်ကို  ပြန်သုံးသပ်ရန် OIC တောင်းဆို

 

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) က အာဖဂန်နစ္စတန်ရှိ လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလျက်  အင်န်ဂျီအိုများတွင် အမျိုးသမီးများကို အလုပ်မလုပ်ရန် တားမြစ်သည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးရန် တာလီဘန်အား တောင်းဆိုလိုက်သည်။

အမျိုးသမီးများကို အင်န်ဂျီအိုများတွင် အလုပ်လုပ်ခွင့်နှင့် ပညာသင်ယူခွင့် တားမြစ်ထားခြင်းသည် အစ္စလာမ် ဥပဒေနှင့် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု OIC က ပြောကြားခဲ့ကြောင်း TOLO News တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်အတွင်း မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက် OIC အမှုဆောင်ကော်မတီ၏ အထူးအစည်းအဝေး နောက်ဆုံးထုတ်ပြန်ချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါသည့် OIC အဖွဲ့က အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး အခြေအနေများ ပိုဆိုးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများ အပါအဝင် လူ့အခွင့်အရေးကို လေးစားရန် အာဖဂန်အစိုးရကို တောင်းဆိုထားသည်။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထွေထွေအတွင်းရေးမှူးချုပ် ဟူစိန်ဘရာဟင်က အာဖဂန်နစ္စတန်တွင် ကံဆိုးမိုးမှောင်ကျသည့်ဖြစ်ရပ်များ ပေါ်ပေါက်နေမှုအပေါ် OIC အနေဖြင့် လွန်စွာစိုးရိမ်မိကြောင်း အစောပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“ပညာရေးကို အားပေးတဲ့ အစ္စလာမ်ဘာသာရဲ့ ရှင်းလင်းခိုင်မာတဲ့ အခြေခံသဘောတရားအရ  မိန်းကလေးတွေ အတွက် ကျောင်းတွေဖွင့်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ အရင်ကပေးထားတဲ့ ကတိတွေတည်ဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်တော့်ရဲ့ အထူးသံတမန်ကနေတစ်ဆင့် အာဏာပိုင်တွေကို ပြောချင်ပါတယ်” ဟု ဟူစိန်ဘရာဟင်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ရှိ အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများကို ဆွေးနွေးရန် ဇန်နဝါရီလ ၁၁ ရက်နေ့က ဂျက်ဒါမြို့တွင် ကျင်းပခဲ့သည့် အလွတ်သဘော အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးမတိုင်မီ OIC အတွင်းရေးမှူးချုပ်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်အာဏာပိုင်တို့က မကြာသေးမီက ပြည်တွင်းနှင့် နိုင်ငံတကာ အင်န်ဂျီအိုများတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့် ရပ်ဆိုင်းခြင်းအပြင် အမျိုးသမီးများနှင့် မိန်းကလေးများ ကျောင်းတက်ခွင့်နှင့် တက္ကသိုလ်တက်ခွင့်ကို ပိတ်ပင်လိုက်ခြင်းတို့ကြောင့် ယခုအစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

တာလီဘန်တို့က အမျိုးသမီးများ တက္ကသိုလ်ပညာသင်ယူခွင့်နှင့် မိန်းကလေးငယ်များ အလယ်တန်းပညာသင်ယူခွင့်ကို နောက်ထပ်သတိပေးချက်မထုတ်ပြန်မချင်း ဆိုင်းငံ့ထားပြီးနောက် ယခုကဲ့သို့ အမျိုးသမီးများ အင်န်ဂျီအိုများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်သည့်အမိန့်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာတားက အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများကို ပစ်မှတ်ထားသည့် မူဝါဒများကို ပြန်လည် ရုပ်သိမ်းရန် တာလီဘန်များအား တောင်းဆိုခဲ့ပြီး  ယင်းသို့ လုပ်ဆောင်မှုများသည် တစ်နွယ်ငင်၊ တစ်စင်ပါဆိုသကဲ့သို့ အမျိုးသမီးများ၏ ဘဝကို  ဆိုးရွားစွာ သက်ရောက်နိုင်မှုများနှင့် ၎င်းမူဝါဒများကြောင့် အာဖဂန်လူ့ အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်လာစေနိုင်သည့် အန္တရာယ်ရှိကြောင်း ယခုလ သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပြုခဲ့သည်။

တာလီဘန်သည် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ခဲ့ပြီး အခြေခံအခွင့်အရေးများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏အခွင့်အရေးများကို အလွန်တင်းကျပ်စွာ ကန့်သတ်သည့် မူဝါဒများ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required