ရေးမြို့နယ်တွင် အမြောက်တပ်မှ စစ်ကောင်စီတပ်သား ၅ ဦး ပစ်သတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
20 January 2023
ရေးမြို့နယ်တွင် အမြောက်တပ်မှ စစ်ကောင်စီတပ်သား ၅ ဦး ပစ်သတ်ခံရ

ဇန်နဝါရီလ ၂၀ ရက်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် ၊အမှတ် (၃၁၇) အမြောက်တပ်မှ စစ်ကောင်စီတပ်သား ခြောက်ဦးကို ယနေ့ ဇန်နဝါရီလ ၂၀ရက် နံနက်ပိုင်းတွင် ဆိုင်ကယ်ဖြင့် ပြင်ပသို့ထွက်လာစဥ် မော့ကနင်ရွာလမ်း၌ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုက်ကြောင်း သိရသည်။

ရေးမြို့နယ်၊ လမိုင်းမြို့ မော့ကနင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းအချိန်တွင် အမြောက်တပ်ရင်းမှ ကျောင်းပို့ပြီး ဆိုင်ကယ်သုံးစီးဖြင့် ပြန်လာသည့် စစ်သားခြောက်ဦးအား ရေးပြောက်ကျား တပ်ဖွဲ့ YGF မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးမိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအား ပစ်ခတ်ရှင်းလင်းလိုက်သည့် ရုပ်သံမှတ်တမ်းကိုလည်း YGFက ထုတ်ပြန်ထားသည်။

“လက်နက်သံကြားတာ၊ အချက် ငါးဆယ်ကျော်တယ်၊ ကြားကြားချင်း ရွာထဲက ပစ်တယ်ထင်တာ၊ ဖြစ်ပြီးတာနဲ့ ကားလမ်းမကြီးတစ်လျှောက် စစ်သားတွေ ခြံထဲဝပ်နေကြတာ အရပ်ဝတ်တွေနဲ့ပဲ။ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း ရမ်းပစ်နေကြသေးတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျောင်းပို့ပြီး အပြန်မှ ပစ်တာ၊ ကလေးမပါဘူး။ အဲ့ဆိုင်ကယ်နဲ့ ကျောင်းကို လုံခြုံရေးလိုက်ယူပေးတာ။ ငါးမိနစ်လောက် ပစ်ခတ်ချိန်ကြာမြင့်ပြီး စစ်သား ငါးဦးသေတယ်။ ကျန်တစ်ဦးက အပြင်းအထန်ဒဏ်ရာတွေနဲ့ ခုခံပစ်ခတ်ပြီးတော့ အမှတ်(၃၁၇) အနီးမှာဖြစ်တဲ့အတွက် လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာရယ်၊ စစ်ကူတွေ တက်လာတာရယ်ကြောင့် လက်နက်သုံးလက်ကိုသာ ကောက်နိုင်ခဲ့ပြီးတော့ တပ်ဖွဲ့ဝင်ထိခိုက်မှုရှိမှာစိုးတာကြောင့် ဆုတ်မိန့်ပေးခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်” ဟု ရဲဘော်စောခေတ်သစ်က မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်သုံးလက်မှာ MA1 တစ်လက်၊ MA3 တစ်လက်နှင့် MA40 တို့ဖြစ်ကြောင်း ပြောသည်။

"ကြိုက်လားမော့ကနင်၊ (အမတ ၃၁၇) ငါးကောင်သေ ၊ သုံးကောင်စားလိုက်ပြီ"ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) မှ ဗိုလ်ကျန်ရစ်က ၎င်း၏လူမှုကွန်ရက်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က ရေးသားထားသည်။

YGFသည် သံဖြူဇရပ်မြို့၊ ထင်းရှူးကျေးရွာမှ ရဲစခန်းအား ဇန်နဝါရီလ ၁၈ရက်က သွားရောက်တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း YGFက သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာတည်း ။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly