တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

By ပါခွီး (မဇ္ဈိမ)
19 January 2023
တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် စော်ဘွားရပ်ကွက်ရှိ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တမူး) က ဇန်နဝါရီလ ၁၉ ရက် ယနေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ အတင်းအကျပ် ပြုလုပ်ရန်ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲကို အသိပေးတားမြစ်သည့်အနေဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အတုအယောက်ရွေးကောက်ပွဲအတွက် စာရွက်စာတမ်းများ ထိမ်းသိမ်းထားသည့် တမူး ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီဘက်က ရွေးကောက်ပွဲအတွက် လူဦးရေးစာရင်းတွေ ကောက်နေတယ်လို့ သိရတယ်၊ တမြို့နယ်လုံးအတိုင်းအတာနဲ့တော့ မပြီးသေးဘူး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေကို ဆန့်ကျင်တိုက်ဖျက်သွားမှာပါ” ဟု ပကဖ အဖွဲ့ဝင် တစ်ဦးမှ ပြောသည်။

ယင်းသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ရုံးအတွင်းရှိ စာရွက်စာတမ်းများ မီးလောင်ပျက်စီးသွား ခဲ့ကြောင်းသိရသည်။

နောက်နောင်တွင်လည်း ယင်းအတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆက်နွယ်သော မည်သည့်အဆောက်အဦ လူပုဂ္ဂိုလ်မဆို ပြင်းထန်စွာ အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်း ပကဖ (တမူး) မှ အသိပေးကြေညာကြောင်း ဆိုသည်။

ယင်းရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ဖျက်ဆီးမှုအား ပကဖ (တမူး) နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးအား မီးရှို့ခံရပြီးနောက် တမူးမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များသည် မြို့အပြင်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၅ရက်နေ့က စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲနှင့် ဖြစ်စေ ၊ ရွေးကောက်ပွဲအား အားပေးအားမြှောက် ပြုလုပ်သည့် လူ ၊ အဖွဲ့အစည်းများနှင့် ပတ်သက်မှုမပြုကြပါရန်နှင့် ယင်းရွေးကောက်ပွဲ တိုက်ဖျက်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(တမူး) မှ အသိပေးထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တမူးမြို့နယ်
#ရွေးကောက်ပွဲကော်မရှင်ရုံး
#ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#ABSDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly